Official Beliefs of the Seventh-day Adventist Church
These 28 Fundamental Beliefs describe how Seventh-day Adventists interpret Scripture for daily application. (“Bible only”) Seventh-day Adventist beliefs are meant to permeate your whole life. Growing out of scriptures that paint a compelling portrait of God, you are invited to explore, experience and know the One who desires to make us whole.
အခန်း (၁) ဘုရားသခင်၏နှုတ်ကပတ်တော်
ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းပေါင်းထားသည့် သမ္မာကျမ်းစာသည် ဘုရားရှင်မှုတ်သွင်း၍၊ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ရေးသားထားသည့် စာအုပ်ဖြစ်သည်။ မှုတ်သွင်းခံရသော ကျမ်းရေး သူတို့သည် သူတို့အား သန့်ရှင်းသောဝိညာဉ်တော်ပဲ့ပြင်သည်အတိုင်း ပြောဆို၊ ရေးသားခဲ့သည်။ နှုတ်ကပတ် တော်တွင် ဘုရားသခင်သည် ကယ်တင်ခြင်းအတွက်လိုအပ်သောအသိပညာကို လူသားတို့အားပေးသည်။ သမ္မာကျမ်းစာသည် ကိုယ်တော်အလိုတော်၏အချုပ်၊ အခွင့်အာဏာနှင့် ဘုရားသခင်၏အလိုတော်ကို မမှား မယွင်းနိုင်အောင်ဖော်ပြပေးသည်။ ၎င်းသည်အကျင့်စာရိတ္တ၏စံချိန်၊ အတွေ့အကြုံကို ဆန်းစစ်သောအရာ၊ ယုံကြည်ချက်များကို တိကျသေချာစွာဖော်ပြသောစာအုပ်၊ သမိုင်းတစ်လျှောက် ဘုရားသခင်၏လုပ်ဆောင် ချက်များကို ယုံကြည်စိတ်ချဖွယ်မှတ်တမ်းစာအုပ်ဖြစ်သည်။ (ဆာလံ ၁၁၉း၁၀၅၊ သုတ္တံ ၃ဝး၅-၆၊ ဟေရှာယ ၈း၂၀၊ ယောဟန် ၁၇:၁၇၊ ၁သက် ၂း၁၃၊ ၂တိ ၃း၁၆-၁၇၊ ဟေဗြဲ ၄း၁၂၊ ၂ပေ ၁း၂၀-၂၁)။
သမ္မာကျမ်းစာကဲ့သို့ မြတ်နိုးကြည်ညိုရသော စာအုပ်မရှိချေ။ ၎င်းသည် လူ့သမိုင်းတွင် အကြီးမားဆုံး နှင့်အမြင့်မြတ်ဆုံးလုပ်ဆောင်မှုများကို ဖြစ်စေသည်။ သမ္မာကျမ်းစာ၏ထူးခြားမှုသည် ၎င်း၏အတုမရှိသော နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးလွှမ်းမိုးခြင်းမှ လာခြင်းမဟုတ်ဘဲ၊ ၎င်း၏မူရင်းနှင့်ပါရှိသော အကြောင်း အရာများမှလာသည်။ ၎င်းသည် ဘုရား – လူသားဖြစ်သည့် လောက၏ကယ်တင်ရှင်၊ ဘုရားသခင်၏ သားတော်ယေရှုခရစ်တော်ကို ဘုရားသခင်ဖော်ပြသည့်စာအုပ်ဖြစ်သည်။
အခန်း (၂) သုံးပါးတစ်ဆူဘုရား
ထာဝစဉ်အတူတည်ရှိတော်မူသည့်ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် သုံးပါး တစ်ဆူဘုရားရှိသည်။ ဘုရားသခင်သည် မသေနိုင်သောအရှင်၊ အနန္တတန်ခိုးရှင်၊ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူ၍၊ အထူးသဖြင့် နေရာတိုင်းရောက်ရှိသောအရှင်ဖြစ်သည်။ ကိုယ်တော်၏အနန္တဘုရားဖြစ်တော် မူရာ၊ လူသားတို့သည် နားလည်သဘောမပေါက်နိုင်ပါ။ သို့သော်ငြားလည်း ကိုယ်တော်၏ မိမိကိုယ်ကို ဖွင့်ချ ခြင်းအားဖြင့်မူ သိရှိနိုင်သည်။ ချစ်ခြင်းမေတ္တာဖြစ်သောဘုရားသခင်သည် အစဉ်ကိုးကွယ်ထိုက်သောဘုရား၊ ကြည်ညိုဖွယ်ဘုရား၊ ဖန်ဆင်းသောအရာအားလုံး၏အမှုထမ်းအပ်သော ဘုရားဖြစ်သည်။ (ကမ္ဘာ ၁း၂၆၊ တရားဟော ၆း၄၊ ဟေရှာယ ၆း၈၊ မဿဲ ၂၈း၁၉၊ ယောဟန် ၃း၁၆၊ ၂ကော ၁း၂၁-၂၂၊ ၁၃း၁၄၊ ဧဖက် ၄း၄-၆၊ ၁ပေ ၁း၂)။
ကရာနီကုန်းပေါ်တွင် လူတိုင်းနီးပါးက ယေရှုကိုငြင်းပယ်ခဲ့ကြသည်။ လူအနည်းငယ်ကသာ ယေရှု သည်အမှန်မည်သူဖြစ်ကြောင်းကို သိမှတ်ကြသည်။ ထိုသူတို့အထဲတွင် ကိုယ်တော်ကိုသခင်ဟု ခေါ်သည့် သေလုဆဲဆဲသူခိုး (လုကာ ၂၃း၄၂) နှင့် “စင်စစ်ဤသူသည်ဘုရားသခင်၏သားတော်မှန်ပေ၏” (မာကု ၁၅း၃၉) ဟုဆိုသည့် ရောမစစ်သားပါဝင်သည်။
ယောဟန်က “သူသည် မိမိအရပ်ဒေသသို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲ နေကြ၏” (ယောဟန် ၁း၁၁) ဟုဆိုရာတွင်၊ လက်ဝါးကပ်တိုင်ဘေးက လူအုပ် သို့မဟုတ် ဣသရေလလူမျိုးတို့ မျှမက၊ ခေတ်အဆက်ဆက်က လူတို့ကိုလည်း ရည်ညွှန်းသည်။ လူတချိုမှလွဲ၍၊ လူသားအားလုံးသည် လက်ဝါးကပ်တိုင်ဘေးက ဗြောင်းဆန်နေသည့် လူအုပ်ပမာ၊ ယေရှုသည် မိမိတို့ဘုရားနှင့် ကယ်တင်ရှင်ဖြစ် ကြောင်းကို မသိမှတ်ခဲ့ကြချေ။ လူသားတို့၏အကြီးမားဆုံးနှင့် ဝမ်းနည်းစရာအကောင်းဆုံးသော ဤကျရှုံး ခြင်းသည် လူသားတို့၏ ဘုရားသခင်ကို သိခြင်းသည် အကြီးအကျယ်ချို့တဲ့နေသည်ကိုပြသသည်။
အခန်း (၃) ခမည်းတော်ဘုရား
ထာဝရခမည်းတော်ဘုရားသည် ဖန်ဆင်းခြင်းအားလုံးတို့ကို ဖန်ဆင်းရှင်၊ မူလအစ၊ အထောက်အမ နှင့် အချုပ်အခြာအာဏာပိုင်ဖြစ်သည်။ ကိုယ်တော်သည် ဖြောင့်မတ်သန့်ရှင်းသော၊ သနားခြင်းကရုဏာနှင့် ပြည့်စုံသော၊ စိတ်ရှည်သော၊ တည်မြဲသောမေတ္တာနှင့် သစ္စာစောင့်ခြင်း၌ ကြွယ်ဝသောအရှင်ဖြစ်တော်မူသည်။ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့တွင် ပြသတော်မူသောအရည်အချင်းများနှင့် တန်ခိုးများတို့သည် ခမည်းတော်၌လည်းထုတ်ဖော်ပြသသည်။ (ကမ္ဘာ ၁း၁၊ တရားဟော ၄း၄၅၊ ဆာလံ ၁၁ဝး၁-၄၊ ယောဟန် ၃း၁၆၊ ၁၄း၉၊ ၁ကော ၁၅း၂၈၊ ၁တိ ၁း၁၇၊ ၁ယော ၄း၈၊ ဗျာဒိတ် ၄း၁၁)။
တရားစီရင်ခြင်းနေ့ကြီးစတင်သည်။ မီးတောက်သောရာဇပလ္လင် တို့သည် မီးစက်လှည်းဘီးများနှင့် အတူရွှေ့လျားနေသည်။ အသက်ကြီးသောသူတစ်ဦးသည် ထိုင်နေသည်။ ကြီးကျယ်ခမ်းနားသောအသွင်ဖြင့် တရားစီရင်သည်။ ကိုယ်တော်၏ အံ့ဩဖွယ်ရှေ့မှောက်တော်တွင် အတိုင်းမသိများစွာသောသူတို့သည် အမှု ထမ်းနေကြသည်။ မြောက်မြားစွာသောသက်သေအပေါင်းတို့သည် ရှေ့တော်၌ ရပ်နေကြသည်။ တရားစီရင် ခြင်းစပြီ၊ စာအုပ်များလည်းဖွင့်ထားလျက်ရှိသည်။ လူသားတို့အသက်တာမှတ်တမ်းကို စတင်စစ်ဆေးလေပြီ (ဒံယေလ ၇◌း၉-၁၀)။
စကြာဝဠာတစ်ခုလုံးသည် ဤအခိုက်အတန့်ကို စောင့်စားနေကြသည်။ ခမည်းတော်ဘုရားသည် ဆိုးသွမ်းမှုအားလုံးကို တရားစီရင်လိမ့်မည်။ “သန့်ရှင်းသူတို့အားစီရင်ရသောအခွင့်ကိုပေး” (ဒံ ၇:၂၂) ပေးသည်။ ဝမ်းမြောက်ဖွယ်ချီးမွမ်းခြင်းများနှင့် ကျေးဇူးတင်ခြင်းတို့သည် ကောင်းကင်ဘဝဂ်ဝယ် ပဲ့တင်ထပ် လျက်ရှိသည်။ ဘုရားသခင်၏ဂုဏ်တော်ကို ဘုန်းတော်အစုံအလင်ဖြင့် မြင်ရပြီး၊ ကိုယ်တော်၏အံ့ဖွယ်နာမ တော်သည် စကြဝဠာတစ်ခွင်လုံးတွင် သက်သေထူးလျက်ရှိသည်။
အခန်း (၄) သားတော်ဘုရား
ထာဝရသားတော်ဘုရားသည် ယေရှုခရစ်၌ လူ့ဇာတိကိုခံခဲ့သည်။ ကိုယ်တော်အားဖြင့် အရာခပ် သိမ်းသည်ဖန်ဆင်းခံရသည်။ ဘုရားသခင်၏ ဂုဏ်တော်ကိုဖော်ပြသည်။ လူသားတို့၏ ကယ်တင်ခြင်းကို ပြီးမြောက်ခဲ့ပြီ။ လောကသားတို့သည်လည်း သူ့အားဖြင့် စီရင်ခြင်းကိုခံ၏။ အကယ်စင်စစ်ထာဝရဘုရား ဖြစ်လျက်ပင်၊ သူသည် ယေရှုခရစ်တော်အဖြစ်ဖြင့် လူသားစင်စစ်လည်းဖြစ်လာခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေခံယူ၍၊ အပျိုကညာမာရိအားဖြင့် ဖွားမြင်ခြင်းကိုခံခဲ့သည်။ ကိုယ်တော်သည် လူသားတို့ကဲ့သို့အသက်ရှင်၍ စုံစမ်းခြင်းကိုခံခဲ့သည်။ သို့ရာတွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် မေတ္တာ တော်ကို ပြည့်စုံစွာသာဓကပြခဲ့သည်။ မိမိ၏နိမိတ်လက္ခဏာများအားဖြင့် ဘုရားသခင်၏တန်ခိုးတော်ထင်ရှား စေ၍၊ ဘုရားသခင်မှ ကတိထားသောမေရှိယအဖြစ် မှန်ကန်ကြောင်း အထောက်အထားဖြစ်စေခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအတွက်နှင့် ကျွန်ုပ်တို့ကိုယ်စားလက်ဝါးကပ်တိုင်ပေါ်တွင် မိမိဆန္ဒ အလျောက် ဒုက္ခခံ၍အသေခံပြီး၊ သေခြင်းမှ ရှင်ပြန်ထမြောက်ကာ၊ ကျွန်ုပ်တို့ကိုယ်စား ကောင်းကင်ဆိုင်ရာ ဗိမာန်တော်၌ အမှုဆောင်ရန်နှင့် ကောင်းကင်သို့တက်ကြွသွားခဲ့သည်။ မိမိလူတို့ကိုနောက်ဆုံးအကြိမ် လွတ်မြောက်စေရန်နှင့် အရာခပ်သိမ်းကိုနဂိုအတိုင်း ပြန်လည်မွမ်းမံရန်အတွက် ကိုယ်တော်သည် ဘုန်းတော် ဖြင့် နောက်တစ်ဖန်ကြွလာလိမ့်မည်။ (ဟေရှာယ ၅၃း၄-၆၊ ဒံယေလ ၉း၂၅-၂၇၊ လုကာ ၁း၃၅၊ ယောဟန် ၁း၁-၃၊၄၊ ၅း၂၂၊ ၁ဝး၃၀၊ ၁၄း၁-၃၊ ၉၊ ၁၃၊ ရောမ ၆း၂၃၊ ၁ကော ၁၅း၃-၄၊ ၂ကော ၃း၁၈၊ ၅း၁၇-၁၉၊ ဖိလိပ္ပိ ၂း၅-၁၁၊ ကောလောသဲ ၁း၁၅-၁၉၊ ဟေဗြဲ ၂း၉-၁၈၊ ၈း၁-၂)။
ကန္တာရတောကြီးသည် မြွေပွေးများဖြင့် အိပ်မက်ဆိုးပမာဖြစ်လာခဲ့သည်။ မြွေများသည် ထမင်းအိုး များအောက်တွင်လျှောတက်သွားကာ၊ တဲငုတ်တိုင်ဘေးတွင် ခွေနေခဲ့ကြသည်။ ၎င်းတို့သည် ကလေးကစား စရာအရုပ်များအကြားတွင် ပုန်းလျှိုးလျက်၊ ကောက်ရိုးမွေ့ရာပေါ်တွင် စောင့်နေခဲ့ကြသည်။ ၎င်းတို့၏အစွယ် ကိုနက်စွာထိုးနစ်၍၊ သေလောက်အောင်အဆိပ်ကိုထိုးသွင်းခဲ့ကြသည်။
တစ်ချိန်က ဣသရေလတို့၏ ခိုလှုံရာဖြစ်သော ဤကန္တာရတောကြီးသည်။ သုဿန်တစပြင်ဖြစ်လာ ခဲ့သည်။ ရာပေါင်းများစွာတို့သည် သေလုမြောပါးဖြစ်နေကြသည်။ မိမိတို့၏အကျပ်အတည်းကို သဘော ပေါက်၍ ကြောက်လန့်နေသောမိဘတို့သည် မောရှေ၏တဲသို့ပြေးကာ၊ အကူအညီတောင်းခဲ့ကြသည်။ “မောရှေသည် လူများအဖို့ဆုတောင်းလေ၏” (တောလည်ရာ ၂၁း၇)။
ဘုရားသခင်၏အဖြေကားအဘယ်နည်း။ မြွေရုပ်ကိုလုပ်၍တိုင်ပေါ်မှာ မြှောက်ထားလော့။ ၎င်းကို ကြည့်သောသူအားလုံးသည် အသက်ရှင်လိမ့်မည်။ “မောရှေသည် ကြေးဝါဖြင့် မြွေကိုလုပ်၍ တိုင်ပေါ်မှာ မြှောက်ထားပြီးလျှင်၊ မြွေကိုက်သောသူမည်သည်ကား၊ ကြေးဝါမြွေကိုကြည့်ရှုသောအခါ အသက်ချမ်းသာ ရကြ၏။” (တောလည်ရာ ၂၁း၉)
မြွေသည်အပြစ်ကို ကိုယ်စားပြုသောစာတန်ကို အမြဲပုံဆောင်လေ့ရှိသည် (ကမ္ဘာ ၃။ ဗျာဒိတ် ၁၂)။ စခန်းတစ်ခုလုံးသည် စာတန်၏လက်ထဲသို့ကျရောက်ခဲ့သည်။ ဘုရားသခင်၏ကုသမှုကား၊ တဲတော်ယဇ်ပလ္လင် ပေါ်မှ သိုးသငယ်ကိုကြည့်ရန်မဟုတ်ဘဲ၊ ကြေးဝါမြွေကိုကြည့်ရန်ဖြစ်သည်။
၎င်းသည် ထူးဆန်းသောခရစ်တော်ကို ပုံဆောင်မှုဖြစ်သည်။ အဆိပ်သင့်စေသောမြွေကို တိုင်ပေါ်တွင် မြှောက်ထားသည်နှင့်အလားသဏ္ဌာန်တူ၊ “အပြစ်နှင့်ပြည့်စုံသောဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော” (ရောမ ၈း၃) ယေရှုသည် ရှက်ဖွယ်လက်ဝါးကပ်တိုင်ပေါ်တွင် မြှောက်ထားခြင်းခံရမည်အကြောင်းတည်း (ယောဟန် ၃း၁၄-၁၅)။ အသက်ရှင်ခဲ့ပြီးသောသူနှင့် အသက်ရှင်လာဦးမည့်သူတိုင်း၏အပြစ်အားလုံးကို မိမိ ကိုယ်တိုင်အပေါ်ယူဆောင်လျက်၊ ကိုယ်တော်သည် အပြစ်ဖြစ်လာခဲ့သည်။ “အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းဆင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်း တည်း” (၂ကော ၅း၂၁)။ ခရစ်တော်ကိုကြည့်ခြင်းအားဖြင့် မျှော်လင့်ခြင်းကင်းမဲ့သောလူသားတို့သည် အသက်ကိုရှာတွေ့နိုင်သည်။
လူသားအဖြစ်ခံယူတော်မူခြင်းသည် လူသားတို့အတွက် ကယ်တင်ခြင်းကို မည်ကဲ့သို့ယူဆောင် လာပေးနိုင်သနည်း။ ၎င်းသည် သားတော်အပေါ်၌ မည်သည့်အကျိုးသက်ရောက်မှုရှိသနည်း။ ဘုရားသခင် သည် မည်ကဲ့သို့လူသားဖြစ်လာနိုင်သနည်း။ ၎င်းသည် အဘယ်ကြောင့် လိုအပ်သနည်း။
အခန်း (၅) သန့်ရှင်းသောဝိညာဉ််တော်ဘုရား
ထာဝရဝိညာဉ်တော်ဘုရားသည် ခမည်းတော်၊ သားတော်တို့နှင့်အတူ ဖန်ဆင်းခြင်း၊ လူ့ဇာတိကိုခံယူ ခြင်းနှင့် ရွေးနုတ်ခြင်းတို့တွင် ပါဝင်ခဲ့သည်။ သူသည် ခမည်းတော်နှင့်သားတော်ကဲ့သို့ ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ သူသည်ကျမ်းစာရေးသူတို့ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။ သူသည် ခရစ်တော်၏အသက်တာကို တန်ခိုးနှင့် ပြည့်စေခဲ့သည်။ သူသည် လူသားများကို ဆွဲယူ၍၊ အပြစ်ကိုဖော်ပြရာ၊ တုံ့ပြန်သောသူတို့ကို သူသည် ဘုရား သခင်၏ပုံသဏ္ဌာန်တော်သို့အသစ်ပြုပြင်၍၊ ပြောင်းလဲပေးသည်။ ကိုယ်တော်၏သားသမီးများနှင့်အတူ အစဉ် ရှိရန် ခမည်းတော်နှင့် သားတော်တို့၏ စေလွှတ်ခြင်းကိုခံ၍၊ သူသည် အသင်းတော်ကို ဝိညာဉ်တော် ဝိညာဉ် ဆုကျေးဇူးများကို တိုးပေးသည်။ ခရစ်တော်ကို သက်သေခံရန် တန်ခိုးကိုပေးပြီး၊ သမ္မာကျမ်းစာနှင့်အညီ အလုံးစုံသောသမ္မာတရားထဲသို့ ပို့ဆောင်ပေးသည်။ (ကမ္ဘာ ၁း၁-၂၊ ၂ရာ ၂၃း၂၊ ဆာလံ ၅၁း၁၁၊ ဟေရှာယ ၆၁း၁၊ လုကာ ၁း၃၅၊ ၄း၁၈၊ ယောဟန် ၁၄း၁၆-၁၈၊ ၂၆၊ ၁၅း၂၆၊ ၁၆း၇-၁၃၊ တမန် ၁း၈၊ ၅း၃၊ ၁ဝး၃၈၊ ရောမ ၅း၅၊ ၁ကော ၁၂း၇-၁၁၊ ၂ကော ၃း၁၈၊ ၂ပေ ၁း၂၁)။
လက်ဝါးကပ်တိုင်ပေါ်တင်သတ်ခြင်းသည် ယေရှု၏နောက်လိုက်များကို စိတ်ရှုပ်ထွေး၊ ကြောက်ရွံ့ စေခဲ့သော်လည်း၊ ရှင်ပြန်ထမြောက်ခြင်းသည် သူတို့၏အသက်တာတွင် နေ့သစ်ကိုယူဆောင်လာခဲ့သည်။ ယေရှုသည် သေခြင်၏ သံခြေချင်းများကို ရိုက်ချိုးသောအခါ၊ သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နိုင်ငံတော်အရုဏ်တက်လာခဲ့သည်။
ယခုတွင် သူတို့၏စိတ်ထဲတွင် ငြိမ်းမရသောမီး တောက်လောင်နေသည်။ လွန်ခဲ့သောအပတ်အနည်း ငယ်က တပည့်တော်များအကြားမှာ မနှစ်မြို့ဖွယ် အတားအဆီးများအဖြစ်ရှိနေသော ခြားနားမှုများသည် အရည်ပျော်ခဲ့သည်။ သူတို့သည် အချင်းချင်းအပြစ်များကို ဝန်ချတောင်းပန်၍ တက်ကြွသွားသော သူတို့၏ ဘုရင်ယေရှုကို ပို၍လက်ခံနိုင်ရန် မိမိတို့ကိုယ်ကို ဖွင့်ထားကြသည်။
တစ်ချိန်က ကွဲပြားသောဤသိုးစု၏စည်းလုံးမှုသည် ဆုတောင်းခြင်းဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်စေရာတွင် ကြီးထွားလာခဲ့သည်။ မမေ့နိုင်သောနေ့တစ်နေ့တွင် သူတို့သည် ဘုရားသခင်ကို ချီးမွမ်းကြ စဉ်၊ သူတို့အထဲတွင် မုန်တိုင်း၏အဟုန်ကဲ့သို့သော အသံထွက်ပေါ်လာသည်။ သူတို့၏ စိတ်နှလုံးထဲက လောင်ကျွမ်းမှုကို မြင်ရသည်အလား၊ တစ်ဦးချင်းစီအပေါ်တွင် မီးလျှံများဆင်းသက်ခဲ့သည်။ ဒေါသအဟုန်ကဲ့ သို့သောမီးကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ဆင်းသက်ခဲ့သည်။
ဝိညာဉ်တော်နှင့်ပြည့်ဝသောတပည့်တော်တို့သည် ယေရှု၌ သူတို့၏အသစ်သောအလွန်တက်ကြွ သည့် ချစ်ခြင်းနှင့်ဝမ်းမြောက်ခြင်းကို မထိန်းနိုင်ကြတော့ချေ။ လူသိရှင်ကြား၊ စိတ်အားထက်သန်စွာဖြင့် ကယ်တင်ခြင်းဝမ်းမြောက်ဖွယ် သတင်းစကားကို စတင်ဟောပြောခဲ့ကြသည်။ အသံကိုသတိပြုမိသည့် များစွာသောဒေသခံများနှင့် တိုင်းနိုင်ငံများမှ ဘုရားဖူးများသည် အဆောက်အဦးသို့ စုရုံးလာကြသည်။ အံ့ဩ ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့နှင့်ပြည့်လျက်၊ ရိုးစင်းသော ဂါလိလဲလူတို့သည် ဘုရားသခင်၏ကြီးမားသော အလုပ်ကိုအားကောင်းသော သက်သေခံသည့်စကားကို မိမိတို့ကိုယ်ပိုင်ဘာသာစကားဖြင့် ကြားခဲ့ကြသည်။
တချို့က “ငါနားမလည်ဘူး။ ဒါကဘာကိုဆိုလိုတာလဲ” ဟု ပြောဆိုကြသည်။ အခြားသူတို့ကလည်း “သူတို့စပျစ်ရည်မူးနေကြတာ” ဟူ၍လည်းစွပ်စွဲကြသည်။ ပေတရုက ထိုသို့မဟုတ်ပါ။ သင်တို့ကြားရ၊ မြင်ရ သောအရာများမှာ ရှင်ပြန်ထမြောက်သော ယေရှုခရစ်တော်သည် ဘုရားသခင်၏လက်ယာဘက်မှာ ချီးမြှောက်ခြင်းကို ခံရပြီးဖြစ်၍ ယခုတွင်ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်ကိုပေးသောကြောင့် ဖြစ်သည်ဟု ရဲရင့်စွာပြောပြခဲ့သည်။ (တမန်တော် ၂)
အခန်း (၆) ဖန်ဆင်းခြင်း
ဘုရားသခင်သည် သမ္မာကျမ်းစာတွင် မိမိ၏ဖန်ဆင်းခြင်းဆိုင်ရာလုပ်ဆောင်မှု သမိုင်းဖြစ်ရပ်မှန်ကို ဖော်ပြခဲ့သည်။ ဘုရားသခင်သည် စကြာဝဠာကိုဖန်ဆင်းခဲ့ပြီး၊ မကြာမီက ခြောက်ရက်ဖန်ဆင်းခြင်းအတွင်း၊ ထာဝရဘုရားသည် “မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို” ဖန်ဆင်း၍၊ သတ္တမနေ့တွင် နားခဲ့သည်။ ထိုသို့ဖြင့် သူသည် ခြောက်ရက်အတွင်းပြီးစီးစေခဲ့သောအလုပ်၏ ထာဝရအထိမ်းအမှတ်အဖြစ် ဥပုသ်နေ့ကိုတည်ထောင်ခဲ့သည်။ ဥပုသ်နေ့သည် ယနေ့ကျွန်ုပ်တို့တစ်ပတ်ဟုခေါ်သော အလားတူအချိန်အပိုင်း အခြားနှင့် ညီမျှသည်။ ရှေးဦးလူယောကျ်ားနှင့် လူမိန်းမတို့ကို ကမ္ဘာကိုအုပ်စိုးခြင်းနှင့် ၎င်းကိုပြုစုခြင်းတာဝန် ကိုပေးအပ်ခဲ့သည်။ ကမ္ဘာကိုဖန်ဆင်းပြီးသောအခါ၊ ဘုရားသခင်၏ ဘုန်းတော်ကိုထုတ်ဖော်သည်ဖြစ်ရာ၊ “အလွန်ကောင်းသည်” (ကမ္ဘာ ၁၊၂၊၅၊၁၁။ ထွက် ၂ဝး၈-၁၁။ ဆာလံ ၁၉း၁-၆။ ၃၃း၆၊၉။ ၁၀၄။ ဟေရှာယ ၄၅း၁၂၊ ၁၈။ တမန် ၁၇:၂၄။ ကောလော ၁း၁၆။ ဟေဗြဲ ၁း၂။ ၁၁း၃။ ဗျာ ၁ဝး၆။ ၁၄း၇။
အခန်း (၇) လူသားတို့၏သဘောသဘာဝ
လူယောကျ်ားနှင့်လူမိန်းမတို့ကို ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ၊ ပင်ကိုလက္ခဏာအပါအဝင် ဖန်ဆင်း၍၊ တွေးခေါ်လုပ်ဆောင်ရန်အစွမ်းနှင့် လွတ်လပ်ခွင့်ကိုပေးထားသည်။ လွတ်လပ်သောသတ္တဝါများ အဖြစ်ဖန်ဆင်းခဲ့သော်လည်း၊ လူတစ်ဦးစီသည် ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်တို့ ခွဲခြား၍မရနိုင်သောဖွဲ့စည်းမှုဖြစ်ပြီး၊ အသက်၊ ထွက်သက်ဝင်သက်နှင့် အခြားအရာအားလုံးအတွက် ဘုရားသခင်အပေါ်မှီခိုနေရသည်။ ကျွန်ုပ်တို့၏ ကနဦးမိဘများသည် ဘုရားသခင်ကိုမနာခံသောအခါ၊ ဘုရားသခင်အပေါ် မှီခိုခြင်းကို ငြင်းပယ်ရာ ရောက်ပြီး၊ သူတို့၏ မြင့်မားသောအဆင့်မှ ကျသွားခဲ့ကြသည်။ သူတို့တွင်ရှိသော ဘုရားသခင်၏ ပုံသဏ္ဌာန် သည်ရုပ်ပျက်လာ၍၊ သူတို့သည် သေမျိုးဖြစ်လာခဲ့သည်။ သူတို့၏ သားစဉ်မြေးဆက်တို့သည် ဤကျရှုံးမှု သဘာဝနှင့် ၎င်း၏အကျိုးဆက်များကို မျှဝေခံစားကြရသည်။ သူတို့သည် အားနည်းချက်များနှင့် ဒုစရိုက် ပြုလိုသောစိတ်ထားများဖြင့် မွေးဖွားလာကြသည်။ သို့ရာတွင် ဘုရားသခင်သည် ခရစ်တော်၌လောကီသား များကို မိမိကိုယ်တိုင်နှင့် ပြည်လည်သင့်မြတ်စေကာ၊ သူ၏ဝိညာဉ်တော်သည်လည်း နောင်တရသည့် သေမျိုး ဖြစ်သောလူတို့တွင် မိမိတို့ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်ကို ပြန်လည်ဖော်ထုတ်သည်။ ဘုရားသခင်၏ဘုန်းတော် အတွက်ဖန်ဆင်းခြင်းကြောင့်၊ သူတို့သည်ကိုယ်တော်နှင့်အချင်းချင်းချစ်ရန်နှင့် မိမိတို့ပတ်ဝန်းကျင်ကိုစောင့် ရှောက်ရန် ခေါ်တော်မူခြင်းခံရသည်။ (ကမ္ဘာ ၁း၂၆-၂၈။ ၂း၇၊၁၅။ ၃။ ဆာလံ ၈း၄-၈။ ၅၁း၅၊၁၀။ ၅၈း၃။ ယေရမိ ၁၇:၉။ တမန် ၁၇:၂၄-၂၈။ ရောမ ၅း၁၂း၁၇။ ၂ကော ၅း၁၉၊ ၂၀။ ဧဖက် ၂း၃။ ၁သက် ၅း၂၃။ ၁ယော ၃း၄။ ၄း၇၊၈၊ ၁၁၊၂၀။)
“တစ်ဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီတစ်သဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” (ကမ္ဘာ ၁း၂၆) ဟုဆိုခဲ့သည်။ ဘုရားသခင်သည် မိမိ၏အထွတ်အထိပ်ဖန်ဆင်းခြင်းအမိန့်တော်ဖြင့် ဖြစ်မလာစေခဲ့ပါ။ ထိုအစား၊ သူသည် မြေမှုန့်မှ ဤသတ္တဝါအသစ်ကို ပုံသွင်းရန် ကြင်နာစွာကိုယ်ကိုငုံ့လျှိုးကိုင်းခဲ့သည်။
မြေကြီးပေါ်ရှိ တီထွင်ဉာဏ်အကောင်းဆုံးသောပန်းပုဆရာသည် ထိုသို့သော မြင့်မြတ်သည့် သတ္တဝါ ကို ဘယ်ခါမျှ ထွင်းထုနိုင်မည်မဟုတ်ချေ။ မိုက်ကယ်အိမ်ဂျယ်လိုသည် အံ့မခန်းအပြင်ပန်းကို ဂရုတစိုက် ထုဆစ်နိုင်ပေလိမ့်မည်။ သို့သော်၊ ကိုယ်ခန္ဓာအစိတ်အပိုင်းနှင့် သက်ရှိကိစ္စများလည်ပတ်စေရန်နှင့် အလှအပ အတွက် မည်သို့ပုံသွင်းနိုင်မည်နည်း။
ပြည်စုံသောပုံသွင်းအရုပ်သည် ဆံပင်၊ မျက်တောင်၊ လက်သည်းစသည်ဖြင့် သူ့နေရာနှင့်သူ အစုံအလင်ဖြင့် လျောင်းနေသော်လည်း၊ ဘုရားသခင်သည် မပြီးသေးချေ။ ဤလူသားသည် မြေမှုန့်အစုအဝေး မျှမဟုတ်ဘဲ၊ အသက်ရှင်ရန်၊ တွေးခေါ်ရန်၊ တီထွင်ဖန်တီးရန်နှင့် ဂုဏ်ကျက်သရေ၌ ကြီးထွားရန်ဖြစ်သည်။
ဤခန့်ညားသောလူ – အပေါ်သို့ကိုယ်ကိုကိုင်းညွှတ်လျှက်၊ ဖန်ဆင်းရှင်သည် “သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏” (ကမ္ဘာ ၂း၇)။ လူယောကျ်ား၏ အဖော်လိုအပ်ချက်ကို သဘောပေါက်လျက်၊ ဘုရားသခင်သည် “သူနှင့်တော်သောအထောက်အမကို” ဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည် “ကြီးသောအိပ်ခြင်းဖြင့်အိပ်စေ” ခဲ့သည်။ အာဒံအိပ်ပျော်သောအခါ၊ ဘုရားသခင်သည် အာဒံ၏နံရိုးတစ်ချောင်းကိုထုတ်၍၊ ၎င်းကို လူမိန်းမအဖြစ် ဖန်ဆင်းခဲ့သည် (ကမ္ဘာ ၂း၁၈၊၂၁၊ ၂၂)။ “ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်နှင့် အညီ လူယောကျ်ား၊ လူမိန်းမကိုဖန်ဆင်း” (ကမ္ဘာ ၁း၂၇) ခဲ့သည်။ ထို့နောက်၊ ဘုရားသခင်သည် သူတို့ကို ကောင်းချီးပေး၍၊ “အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍၊ နိုင်ကြလော့။ ပင်လယ်ငါး တို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၏” (ကမ္ဘာ ၁း၂၈)။ ယနေ့ကမ္ဘာပေါ်တွင်အကောင်းဆုံးသော အရာထက် သာ၍ရှုမောဖွယ်ဥယျာဉ်အိမ်ကို အာဒ့နှင့်ဧဝတို့အား ပေးခဲ့သည်။ ထိုနေရာတွင် ဘုရားသခင်ကိုယ်တော်တိုင် ဆင်ယင်သော သစ်ပင်များ၊ စပျစ်နွယ်ပင်များ၊ ပန်းများ၊ တောင်ကုန်းများ၊ ချိုင့်ဝှမ်းများရှိသည်။ အထူးသစ်ပင်နှစ်ပင်ဖြစ်သည့် အသက်ပင်နှင့် ကောင်းမကောင်းသိကျွမ်းရာအပင်တို့ရှိသည်။ ဘုရားသခင်သည် အာဒံနှင့်ဧဝကို ကောင်းမကောင်းသိကျွမ်း ရာအပင်မှလွဲ၍၊ အခြားအပင်အားလုံးကို လွတ်လပ်စွာစားခွင့်ပြုခဲ့သည် (ကမ္ဘာ၂း၈၊၉၊၁၇)။
ထို့ကြောင့်၊ ဖန်ဆင်းခြင်းအပတ်၏ အထွတ်အထိပ်ဖြစ်ရပ်သည် ပြီးမြောက်သွားခဲ့သည်။ ထို့နောက်၊ “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၏” (ကမ္ဘာ ၁း၃၁)။
အခန်း (၈) မဟာအငြင်းပွားမှုကြီး
ဘုရားသခင်၏စရိုက်တော်၊ ပညတ်တော်နှင့် စကြာဝဠာအပေါ် အချုပ်အခြာအုပ်စိုးမှုနှင့်စပ်လျဉ်း၍ ခရစ်တော်နှင့် စာတန်အကြားရှိ မဟာအငြင်းပွားမှုကြီးတါင် လူသားအားလုံးတို့ ပါဝင်ကြသည်။ လွတ်လပ်စွာ ရွေးချယ်ခွင့်အပ်နှင်းခြင်းခံရသည့် ဖန်ဆင်းခြင်းခံရသော သတ္တဝါတစ်ပါးသည် မိမိကိုယ်ကို ချီးမြှောက်ရာတွင် ဘုရားသခင်၏ ရန်သူစာတန်မာရ်နတ်ဖြစ်လာခဲ့ပြီး၊ ကောင်းကင်တမန်တချို့ကို ပုန်ကန်ခြင်းထဲသို့ ဆွဲသွင်း လိုက်ချိန်တွင် ဤအငြင်းပွားမှုသည် ကောင်းကင်၌စတင်ခဲ့သည်။ သူသည် အာဒံနှင့် ဧဝတို့ကို အပြစ်ထဲသို့ ပို့ဆောင်ချိန်တွင် ဤလောကကြီးထဲသို့ ပုန်ကန်ခြင်းစိတ်ထားကို သူအစပျိုးခဲ့သည်။ ဤလူသား၏အပြစ်သည် လူသား၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကိုမှေးမှိန်ခြင်း၊ ဖန်ဆင်းသောကမ္ဘာကို ကစဉ့်ကလျားဖြစ်ခြင်း၊ ကမ္ဘာဦး ကျမ်း ၁-၁၁ မှ သမိုင်းဆိုင်ရာ ဖြစ်ရပ်တွင်ဖော်ပြသကဲ့သို့ တစ်ကမ္ဘာလုံးရေလွှမ်းမိုးချိန်တွင် အဆုံးစွန်ကြီးစွာ သောပျက်စီးခြင်းတို့ကို ဖြစ်စေခဲ့သည်။ ဖန်ဆင်းသောအရာအားလုံးကို သုံးသပ်ရသော်၊ ဤလောကသည် စကြဝဠာနှင့်ချီသောအငြင်းပွားမှု၏ တိုက်ခိုက်ရာပြိုင်ကွင်းဖြစ်လာခဲ့ပြီး၊ ထိုဖြစ်ရပ်မှ မေတ္တာရှင်ဘုရားသခင် ကို အဆုံးတွင် သက်သေထူလိမ့်မည်။ ဤအငြင်းပွားမှုတွင် မိမိလူတို့ကို ကူညီရန်၊ ခရစ်တော်သည် သူတို့ကို လမ်းပြကာကွယ်ရန်နှင့် ကယ်တင်ခြင်းလမ်းကြောင်းတွင် အားပေးရန် သန့်ရှင်းသောဝိညာဉ်တော်နှင့် သစ္စာစောင့်သော ကောင်းကင်တမန်များကို စေလွှတ်သည် (ကမ္ဘာ ၃၊၆-၈။ ယောဘ ၂း၆-၁၂။ ဟေရှာယ ၁၄း၁၂-၁၄။ ယေဇကျေ ၂၈း၁၂-၁၈။ ရောမ ၁း၁၉-၃၂။ ၃း၄။၅း၁၂-၂၁။ ၈း၁၉း၂၂။ ၁ကော ၄း၉။ ဟေဗြဲ ၁း၁၄။ ၁ပေ ၅း၈။ ၂ပေ ၃း၆။ ဗျာ ၁၂း၄-၉။
သမ္မာကျမ်းစာသည် အကောင်းနှင့်အဆိုး၊ ဘုရားသခင်နှင့်စာတန်တို့အကြား စကြဝဠာနှင့်ချီသော တိုက်ပွဲကို ဖော်ပြသည်။ စကြဝဠာတစ်ခုလုံးပါဝင်သော ဤအငြင်းပွားမှုကို နားလည်ခြင်းသည် အဘယ်ကြောင့် ယေရှုသည် ဤကမ္ဘာဂြိုလ်သို့ ကြွလာသနည်းဟူသော မေးခွန်းကိုအဖြေပေးသည်။
အခန်း (၉) ခရစ်တော်၏အသက်တာ၊ သေခြင်းနှင့်ထမြောက်ခြင်း
ဘုရားသခင်၏အလိုတော်ကို အပြည့်အဝနားထောင်သောခရစ်တော်၏ အသက်တာ၊ သူ၏ ဆင်းရဲ ဒုက္ခ၊ သေခြင်းနှင့်ထမြောက်ခြင်း၌ ဘုရားသခင်သည် လူသားတို့၏အပြစ်ဖြေရန် တစ်ခုတည်းသော နည်းလမ်းကိုစီစဉ်ပေးခဲ့သည်။ ထိုသို့ဖြင့် ဤအပြစ်ဖြေခြင်းကို ယုံကြည်ခြင်းဖြင့် လက်ခံသောသူတို့သည် ထာဝရအသက်ကို ရရှိနိုင်ပြီး၊ ဖန်ဆင်းသောအရာအားလုံးသည် ဖန်ဆင်းရှင်၏ အနန္တမေတ္တာ သန့်ရှင်းသော ချစ်ခြင်းကို သာ၍ကောင်းစွာနားလည်နိုင်မည်။ ဤပြည့်စုံသောအပြစ်ဖြေခြင်းသည် ဘုရားသခင့်ပညတ်တော် ၏ဖြောင့်မှန်ခြင်းနှင့် သူ့ဂုဏ်တော်၏ ကရုဏာတရားကို သက်သေထူသည်။ အကြောင်းမှာ၊ ၎င်းသည် ကျွန်ုပ်တို့၏အပြစ်ကိုရှုတ်ချ၍၊ ကျွန်ုပ်တို့၏အပြစ်လွှတ်ခြင်းအတွက်လည်း စီစဉ်သည်။ ခရစ်တော်၏ သေခြင်းသည် အစားထိုးခြင်းနှင့် အပြစ်ကိုခံယူခြင်း၊ သင့်မြတ်စေခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းကို ဖော်ဆောင်သည်။ ခရစ်တော်၏ရုပ်ခန္ဓာ ရှင်ပြန်ထမြောက်ခြင်းသည် မကောင်းမှု၏ အင်အားစုအပေါ် ဘုရား သခင်၏အောင်နိုင်ခြင်းကို ကြွေးကြော်ပြီး၊ ဤအပြစ်ဖြေခြင်းတရားကို လက်ခံသောသူတို့အား အပြစ်နှင့် သေခြင်းတို့အပေါ် နောက်ဆုံးသောအောင်မြင်မှုကို အာမခံပေးသည်။ ၎င်းသည် ယေရှုခရစ်တော်၏ အရှင် သခင်ဖြစ်ခြင်းကို ကြေညာပြီး၊ သူ့ရှေ့တော်တွင် ကောင်းကင်နှင့် မြေကြီးပေါ်တွင်ရှိသမျှတို့သည် ဒူးထောက် ကြလိမ့်မည်။ (ကမ္ဘာ ၃း၁၅။ ဆာလံ ၂၂း၁။ ဟေရှာ ၅း၃။ ယောဟန် ၃း၁၆။ ၁၄း၃၀။ ရောမ ၁း၄။ ၃း၂၅။ ၈း၃-၄။ ၁ကော ၁၅း၃-၄၊ ၂၀-၂၂။ ၂ကော ၅း၁၄၊ ၁၅၊ ၁၉-၂၁။ ဖိ ၂း၆-၁၁။ ကောလော ၂း၁၅။ ၁ပေ ၂း၂၁-၂၂။ ၁ယော ၂း၂။ ၄း၁၀)။
ပွင့်နေသောတံခါးသည် စကြဝဠာ၏အလယ်ဗဟိုဖြစ်သော ကောင်းကင်ဘုံသို့ ဦးတည်ပေးသည်။ အသံတစ်သံက “ဤအရပ်သို့တက်လော့၊ နောင်ကာလ၌ဖြစ်ရမည့်အရာတို့ကို ငါပြမည်” ဟု ဖိတ်ခေါ်သည်။ ဝိညာဉ်တော်ကို ခံရ၍ တမန်တော်ယောဟန်သည် ဘုရားသခင်၏ ပလ္လင်တည်ရာအခန်းကိုမြင်ရသည်။
တောက်ပသောမြကျောက်အရောင် သက်တံသည် အလယ်ဗဟို၌ရှိသော ပလ္လင်ကို ဝန်းရံပြီး၊ ထိုနေရာမှ လျှပ်စီးလက်ခြင်း၊ မိုးကြိုးသံနှင့် စကားပြောသံများထွက်လာသည်။ ဝတ်လုံဖြူဝတ်၍၊ ရွှေသရဖူ ဆောင်းသည့် အသက်ကြီးသူတို့သည် ပတ်ပတ်လည်ရှိပလ္လင်များတွင် ထိုင်နေကြသည်။ ဂုဏ်တော်ချီးမွမ်း ခြင်းပျံ့လွင့်လာရာ၊ အသက်ကြီးသူတို့သည် ကြည်ညိုခြင်းဖြင့် မိမိတို့ကိုယ်ကိုပျပ်ဝပ်လျက်၊ ပလ္လင်တော်ရှေ့ တွင် မိမိတို့သရဖူများကို ချလိုက်ကြသည်။
တံဆိပ်ခုနစ်ချက်ခတ်ထားသော စာလိပ်ကိုကိုင်လျက်၊ ကောင်းကင်တမန်က “ဤစာစောင်ကိုဖွင့်၍၊ တံဆိပ်တို့ကိုခွာခြင်းငှာ အဘယ်သူထိုက်သနည်း” (ဗျာ ၅း၂) ဟု ကြွေးကြော်သည်။ တုန်လှုပ်လျက်၊ ယောဟန် သည် ထိုစာလိပ်ကိုဖွင့်ရန် ကောင်းကင်၊ မြေကြီး၌ အဘယ်သူမျှမထိုက်တန်သည်ကိုမြင်သည်။ အသက်ကြီးသူ တစ်ပါးက နှစ်သိမ့်သည်အထိ သူငိုကြွေးခဲ့သည်။ ထိုသူက၊ “မငိုကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာကိုလည်းကောင်း၊ တံဆိပ်ခုနစ်ချက်တို့ကိုလည်းကောင်း ဖွင့်ခြင်းငှာ အောင်မြင်လေ ပြီ” (ဗျာ ၅း၄-၅) ဟုပြောဆိုသည်။
တစ်ဖန်ဘုန်းကြီးသောပလ္လင်ကိုကြည့်သောအခါ၊ ယောဟန်သည် အသေသတ်ခြင်းကိုခံ၍၊ ယခုတွင် အသက်ရှင်လျက်၊ ဝိညာဉ်တော်ဖြင့် အာဏာအပ်နှင်းခြင်းခံရသော သိုးသငယ်ကိုမြင်သည်။ ဤနိမ့်ကျသော သိုးသငယ်သည် စာစောင်ကိုခံယူသောအခါ၊ အသက်ရှင်သောသတ္တဝါတို့နှင့် အသက်ကြီးသူတို့က၊ “ကိုယ်တော်သည် အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင်အဖို့ ရွေးနုတ်တော် မူ၏။ အကျွန်ုပ်တို့၏ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်း ကောင်း၊ ခန့်ထား၍ မြေကြီးပေါ်မှာစိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်ကိုယ်တော်သည် စာစောင် ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကို သီ၍လျှောက်ဆိုကြ၏။” (ဗျာ ၅း၉၊၁၀)။ ကောင်းကင်နှင့်မြေကြီးပေါ်က ဝေနေယျသတ္တဝါအပေါင်းတို့က “ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက်ကောင်းချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိ ရှိတော် မူစေသတည်းဟု ပြောဆိုကြသည်” (ဗျာ ၅း၁၃)။
ဤစာစောင်အကြောင်းနှင့်ပတ်သက်၍ မည်သည့်အရာသည် အလွန်အရေးကြီးသနည်း။ ၎င်းစာ စောင်သည် စာတန်၏ကျေးကျွန်ဘဝမှ လူသားများအား ကယ်တင်ခြင်းကိုမှတ်တမ်းတင်ထားပြီး၊ အပြစ် အပေါ်ဘုရားသခင်၏ နောက်ဆုံးအောင်နိုင်ခြင်းကိုလည်း ဖော်ပြသည်။ ၎င်းသည် သူတို့၏ရှေးချယ်မှုမျှဖြင့် အပြစ်၏ဖမ်းဆီးခြင်းခံရသောသူတို့သည် သေခြင်းအကျဉ်းထောင်မှ လွတ်မြောက်စေနိုင်သည့် အလွန်ပြည့်စုံ သောကယ်တင်ခြင်းကိုဖော်ပြသည်။ ဗက်လင်မြို့တွင် မမွေးဖွားမီ ကြာမြင့်စွာက သိုးသငယ်သည် “ကျမ်းစာ လိပ်၌အကျွန်ုပ်ကိုအမှတ်ပြု၍ ရေးထားသည်နှင့်အညီ၊ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏” (ဆာလံ ၄ဝး၇-၈) ဟုကြွေးကြော်ခဲ့သည်။ ကမ္ဘာဦးကပင် ကွပ်မျက်ခြင်းခံရသော သိုးသငယ်၏ကြွလာခြင်းသည် လူသားတို့၏ ကယ်တင်ခြင်းကို အကျိုးသက်ရောက် စေခဲ့သည် (ဗျာ ၁၃း၈)။
အခန်း (၁၀) ကယ်တင်ခြင်းကိုတွေ့ကြုံခံစားခြင်း
အနန္တမေတ္တာနှင့် ကရုဏာတော်ကြောင့် ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သော ခရစ်တော်ကို ကျွန်ုပ်တို့အတွက် အပြစ်ဖြေစေခဲ့သည်။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် သူ့အားဖြင့် ဘုရားသခင်ရှေ့၌ ဖြောင့်မတ် သောသူများဖြစ်မည်အကြောင်းတည်း။ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအားဖြင့် ကျွန်ုပ်တို့သည် မိမိတို့လိုအပ်ချက်ကိုခံစားသည်၊ အပြစ်ရှိခြင်းကိုဝန်ခံသည်၊ လွန်ကျူးခြင်းများကိုနောင်တရသည်၊ ပြီးနောက် ယေရှုကို ကယ်တင်ရှင်၊ သခင်၊ အစားထိုးသူနှင့်စံနမူနာအဖြစ် ကျွန်ုပ်တို့ယုံကြည်သည်။ ဤကယ်တင်သော ယုံကြည်ခြင်းသည် နှုတ်ကပတ်တော်၏ ဘုရားတန်ခိုးမှလာ၍၊ ၎င်းသည် ဘုရားသခင်၏ကျေးဇူးတော် ဆုလာဘ်ဖြစ်သည်။ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ရာသို့ရောက်သည်၊ ဘုရားသခင်၏ သားသမီးများအဖြစ်မွေးစားခံရသည်၊ ပြီးနောက် အပြစ်၏အုပ်စိုးမှုအောက်မှ ကယ်နုတ်ခြင်းခံရသည်။ ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းကိုခံရ၍ သန့်ရှင်းခြင်းသို့ ရောက်သည်။ ဝိညာဉ်တော် သည် ကျွန်ုပ်တို့၏ စိတ်နှလုံးကို အသစ်ပြောင်းလဲပေးသည်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် ချစ်ခြင်းမေတ္တာနှင့် ဆိုင်သော ဘုရားသခင်၏ ပညတ်တော်ကိုရေးသည်၊ ထို့နောက်ကျွန်ုပ်တို့ကို သန့်ရှင်းသောအသက်တာဖြင့် နေထိုင်နိုင်ရန်တန်ခိုးပေးသည်။ ကိုယ်တော်၌ တည်နေခြင်းဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားရှင်၏ ဇာတိကိုယူတင် ဝတ်ဆင်သူများဖြစ်လာကြပြီး၊ ယခုအချိန်နှင့် တရားစီရင်ခြင်းတွင် ကယ်တင်ခြင်းအာမခံချက်ရှိသည်။ (ကမ္ဘာ ၃း၁၅။ ဟေရှာ ၄၅း၂၂။ ၅၃။ ယေရမိ ၃၁း၃၁-၃၄။ ယေဇ ၃၃း၁၁။ ၃၆း၂၅-၂၇။ ဟဗ ၂း၄။ မာကု ၉၂၃-၂၄။ ယောဟန် ၃း၃-၈၊၁၆၊ ၁၆း၈။ ရောမ ၃း၂၁-၂၆။ ၅း၆-၁၀။ ၈း၁-၄၊ ၁၄-၁၇။ ၁ဝး၁၇။ ၁၂း၂။ ၂ကော ၅း၁၇-၂၁။ ဂလာ ၁း၄၊ ၃း၁၃၊၁၄၊၂၆။ ၄း၄-၇။ ဧဖက် ၂း၄-၁၀။ ကောလော ၁း၁၃-၁၄။ တိတု ၃း၃-၇။ ဟေဗြဲ ၈း၇-၁၂။ ၁ပေ ၁း၂၃။ ၂း၂၁-၂၂။ ၂ပေ ၁း၃-၄။ ဗျာ ၁၃း၈)။
“ခရစ်တော်၌တည်သောအသက်တာသည် ငြိမ်သက်သောအသက်တာဖြစ်သည်။ အလွန်အမင်း စိတ်ခံစားမှုမျိုးမရှိဘဲရှိနိုင်သော်လည်း၊ တည်မြဲငြိမ်သက်သောယုံကြည်အားကိုးမှုရှိရမည်။ သင်၏မျှော်လင့် ချက်သည် သင့်ကိုယ်တိုင်အပေါ်၌မရှိ၊ ခရစ်တော်၌ရှိသည်။ သင်၏ အားနည်းချက်သည် သူ၏ခွန်အား၌လည်း ကောင်း၊ သင်၏မသိနားမလည်မှုသည် သူ၏ ပညာ၌လည်းကောင်း၊ သင်၏အင်အားချည့်နဲ့ခြင်းသည် သူ၏ အင်အားနှင့်လည်းကောင်း ပေါင်းစပ်လာသည်။ ထိုကြောင့်သင်သည် မိမိကိုယ်ကိုမကြည့်ရ၊ သင့်ကိုယ်တိုင် အကြောင်းကိုမစွဲလမ်းရ၊ ခရစ်တော်ကိုသာကြည့်ရမည်။ စိတ်နှလုံးသည် သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏ တင့်တယ်ပြည့်စုံသောဂုဏ်တော်ကို စွဲလမ်းနေရမည်။ ခရစ်တော်၏ကိုယ်ကိုငြင်းပယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ စင်ကြယ်ခြင်းနှင့်သန့်ရှင်းခြင်း၊ အနှိုင်းမဲ့မေတ္တာတို့သည်သာ စိတ်ဝိညာဉ်တွေးတော်ဆင်ခြင်ရမည့်အကြောင်း အရာဖြစ်သည်။ ကိုယ်တော်ကိုချစ်ခြင်း၊ အတုယူခြင်း၊ လုံးလုံးမှီခိုခြင်းအားဖြင့် သင်သည် သူ၏ပုံသဏ္ဌာန်သို့ ပြောင်းလဲခြင်းရှိရမည်။”
“ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ၏။ … ထိုအသင်းတော်သည် သန့်ရှင်းလျက်၊ အပြစ် ကင်းလျက်ရှိသည်ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်ကင်းသဖြင့် အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအားဆက်သအံ့သောငှါ၊ နှုတ်ကပတ် တော်ရေ၌ ဆေးကြောခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဖို့အလိုငှါ မိမိကိုယ်ကိုကိုယ် စွန့်တော်မူ၏” (ဧဖက် ၅း၂၅-၂၇) ဟု ပေါလုဆိုခဲ့သည်။ ထိုသို့သောသန့်ရှင်းခြင်းသည် အသင်းတော်၏ပန်းတိုင်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများဖြင့် ဖွဲ့စည်းသောအသင်းတော်က၊ “ငါတို့သည် စိတ်ပျက်အားလျော့ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော် လည်း၊ အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ပြုပြင်ခြင်းကိုခံရ၏၏” (၂ကော ၄း၁၆) ဟူ၍ သက်သေခံနိုင် ကြမည်။ “ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကိုကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော် ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေတိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏” (၂ ကော ၃း၁၈)။ ဤပြောင်းလဲခြင်းသည် အတွင်းစိတ်ပြောင်းလဲခြင်း၏ အဆုံးစွန်ဖြစ်သည်။
သမ္မာကျမ်းစာတစ်ခုလုံးတွင် ယုံကြည်သူတစ်ဦး၏ ကယ်တင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်းနှင့် ရွေးချယ်ခြင်းတို့တွေ့ကြုံခံစားခြင်းကို ဖော်ပြရာတွင် (၁) ပြီးမြောက်သွားခဲ့ပြီ၊ (၂) လက်ရှိတွေ့ကြုံခံစားနေရဆဲ၊ (၃) အနာဂတ်တွင် တွေ့ကြုံခံစားရမည်ဟူ၍ပြောဆိုသည်။ ဤရှုထောင့်သုံးခုကို နားလည်ခြင်းသည် ဖြောင့်မတ်ရာသို့ရောက်ခြင်းနှင့် သန့်ရှင်းသောအသက်တာဆိုင်ရာ အငြင်းပွားမှုကို ကူညီ ဖြေရှင်းနိုင်လိမ့်မည်။ ထို့ကြောင့် ဤအခန်း (၁၀) သည် ယုံကြည်သူ၏ အတိတ်ပစ္စုပ္ပန်နှင့်အနာဂတ်တွင် ကယ်တင်ခြင်းခံရခြင်းနှင့်ဆိုင်၍ အပိုင်းသုံးပိုင်းခွဲထားသည်။
အခန်း (၁၁) ခရစ်တော်၌ကြီးထွားခြင်း
လက်ဝါးကပ်တိုင်အပေါ် အသေခံခြင်းဖြင့် ယေရှုသည် နတ်ဆိုးနှင့် အပေါင်းအပါအပေါ်အောင်နိုင်ခဲ့ သည်။ သူ၏ မြေကြီးပေါ် သာသနာပြုစဉ်အတွင်း နတ်ဆိုးဝိညာဉ်များကို နှိမ်နင်းခဲ့သောသူသည် သူတို့၏ တန်ခိုးကို ချိုးဖျက်၍၊ သူတို့၏နောက်ဆုံးသေခြင်းကို သေချာသွားစေခဲ့သည်။ ကျွန်ုပ်တို့သည် သူနှင့်အတူ ငြိမ်သက်ဝမ်းမြောက်ခြင်းနှင့် သူ၏မေတ္တာအာမခံချက်တို့၌ လျှောက်လှမ်းကြစဉ်၊ ယေရှု၏အောင်မြင်ခြင်း သည် ကျွန်ုပ်တို့ကို ထိန်းချုပ်ရန်ကြိုးစားနေသော နတ်ဆိုးအပေါင်းအပါအပေါ် အောင်နိုင်ခြင်းကို ကျွန်ုပ်တို့ အားပေးသည်။ ယခုတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်ပြီး၊ တန်ခိုးကိုပေးသည်။ ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ် ယေရှုထံသို့အစဉ်အဆက် ဆက်ကပ်သောအခါ၊ ကျွန်ုပ်တို့ သည် အတိတ်ကလုပ်ဆောင်ချက်များ၏ ဝန်ထုပ်မှလွတ်မြောက်ကြသည်။ ကျွန်ုပ်တို့သည် မှောင်မိုက်၌ အသက်မရှင်ကြတော့ဘဲ၊ နတ်ဆိုး၏တန်ခိုးများကို ကြောက်ရွံ့ခြင်း၊ မသိနားမလည်ခြင်းနှင့် ယခင်အသက် ရှင်နေထိုင်မှု၏ အဓိပ္ပါယ်မဲ့ခြင်းတို့မှ လွန်မြောက်ကြပြီ။ ဤအသစ်သော ခရစ်တော်၌လွတ်လပ်ခြင်း၌၊ ကျွန်ုပ်တို့သည် သူ၏ပုံသဏ္ဌာန်နှင့်တူညီခြင်း၊ နေ့စဉ်ဆုတောင်းခြင်း၌ သူနှင့်ရင်းရင်းနှီးနှီးရှိခြင်း၊ နှုတ်ကပတ် တော်ကိုမှီဝဲခြင်း၊ နှုတ်ကပတ်တော်နှင့် ဘုရားရှင်၏စောင်မမျုအပေါ်အာရုံပြုခြင်း၊ သူ၏ ချီးမွမ်းသီချင်းများ ကိုသီဆိုခြင်း၊ ဝတ်ပြုရန်အတွက် စုရုံးခြင်းနှင့် အသင်းတော်၏ သာသနာလုပ်ငန်းတွင်ပါဝင်ခြင်း စသည်တို့၌ ကြီးထွားရန် ခေါ်တော်မူခြင်းခံရသည်။ လူသားတို့၏ ကိုယ်ကာယ၊ ဉာဏ၊ မိတ္တဗလ၊ လူမှုရေး၊ စိတ်ခံစားမှုနှင့် ဝိညာဉ်ရေးစသည်တို့၏ လိုအပ်ချက်များကို ကူညီရဖြည့်ဆည်းပေးခြင်းအားဖြင့် ခရစ်တော်၏ ပုံနမူနာကို လိုက်လျှောက်ရန် ကျွန်ုပ်တို့ကိုခေါ်သည်။ ကျွန်ုပ်တို့သည် မိမိတို့ပတ်ဝန်းကျင်ရှိသူတို့ကို မေတ္တာဖြင့် အလုပ် အကျွေးပြုခြင်းနှင့် သူ၏ ကယ်တင်ခြင်းအကြောင်းကို သက်သေခံခြင်းတို့၌ မိမိတို့ကိုယ်ကိုပေးဆပ်သော အခါ၊ ဝိညာဉ်တော်အားဖြင့် သူသည် ကျွန်ုပ်တို့နှင့်အတူရှိနေခြင်းသည် ဝိညာဉ်ရေးအတွေ့အကြုံ၌ အချိန်တိုင်း၊ လုပ်ဆောင်မှုတိုင်းကိုပြောင်းလဲပေးသည်။ (၅ရာ ၂၉း၁၁။ ဆာလံ ၁း၁-၂။ ၂၃း၄။ ၇၇:၁၁-၁၂။ မဿဲ ၂၀၂၅-၂၈။ ၂၅း၃၁-၄၆။ လုကာ ၁ဝး၁၇-၂၀။ ယောဟန် ၂ဝး၂၁။ ရောမ ၈း၃၈-၃၉။ ၂ကော ၃း၁၇-၁၈။ ဂလာတိ ၅း၂၂-၂၅။ ဧဖက် ၅း၁၉-၂၀။ ၆း၁၂-၁၈။ ဖိ ၃း၇-၁၄။ ကော ၁း၁၃-၁၄။ ၂း၆၊၁၄၊၁၅။ ၁သက် ၅း၁၆-၁၈၊၂၃။ ဟေဗြဲ ၁ဝး၂၅။ ယာ ၁း၂၇။ ၂ပေ ၂း၉။ ၃း၁၈။ ၁ယော ၄း၄)။
အခန်း (၁၂) အသင်းတော်
အသင်းတော်သည် ယေရှုခရစ်တော်ကို အရှင်သခင်နှင့် ကယ်တင်ရှင်အဖြစ် ဝန်ခံသောယုံကြည်သူ လူစုဖြစ်သည်။ ဓမ္မဟောင်းကျမ်းခေတ်မှ ဘုရားသခင်၏ လူတို့နှင့်အတူ ဆက်လက်၍ ကျွန်ုပ်တို့သည် လောကီအရာမှ ခေါ်ထုတ်ခြင်းခံရပြီး၊ ကျွန်ုပ်တို့သည် ဝတ်ပြုကိုးကွယ်ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ နှုတ်ကပတ်တော်မှ သွန်သင်ချက်များကိုခံယူခြင်း၊ သခင်ဘုရား၏ညစာကိုကျင်းပခြင်း၊ လူသားအကျိုးဆောင် ရွက်ခြင်းနှင့် ကမ္ဘာတစ်ဝန်းဧဝံဂေလိတရားကို ကြွေးကြော်ခြင်း စသည်တို့အတွက် အတူတကွပေါင်းစည်းကြ သည်။ အသင်းတော်သည် သမ္မာကျမ်းစာတွင် ဖော်ပြသည့် နှုတ်ကပတ်တော်အဖြစ် ခံယူသောခရစ်တော်ထံမှ ၎င်း၏အခွင့်အာဏာကိုရရှိသည်။ အသင်းတော်သည် ဘုရားသခင်၏ မိသားစုဖြစ်၍၊ သူတို့သည် သားသမီးများအဖြစ် သူ၏မွေးစားခြင်းကိုခံရသူများ၊ ပဋိညာဉ်အသစ်၏အခြေခံအပေါ်အသက်ရှင်သော သူများဖြစ်ကြသည်။ အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်၍၊ ခရစ်တော်ကိုယ်တိုင် ဦးခေါင်းဖြစ် သောယုံကြည်သူလူစုဖြစ်သည်။ အသင်းတော်သည် သတို့သမီးဖြစ်၍၊ သူမကိုသန့်ရှင်းစင်ကြယ်စေခြင်းငှါ ခရစ်တော်အသေခံခဲ့သည်။ အောင်ပွဲခံခြင်းနှင့် သူပြန်ကြွလာသောအခါ။ ခေတ်အဆက်ဆက်မှမိမိအသွေးဖြင့် ဝယ်၍အပြစ်စွန်းထင်းခြင်း သို့မဟုတ် အရေတွန့်ခြင်းမရှိ၊ သန့်ရှင်း၍ အပြစ်တင်ခြင်းနှင့် ကင်းလွတ်သည့် သစ္စာရှိသူများတည်းဟူသော အသရေတင့်တယ်သော အသင်းတော်ကို မိမိထံသို့သိမ်းယူလိမ့်မည်။ (ကမ္ဘာ ၁၂း၁-၃။ ထွက် ၁၉း၃-၇။ မဿဲ ၁၆း၁၃-၂၀။ ၁၈း၁၈။ ၂၈း၁၉-၂၀။ တမန် ၂း၃၈-၄၂။ ၇◌း၃၈။ ၁ကော ၁း၂။ ဧဖက် ၁း၂၂-၂၃။ ၂း၁၉-၂၂။ ၃း၈-၁၁။ ၅း၂၃-၂၇။ ကောလော ၁း၁၇-၁၈။ ၁ပေ ၂း၉)။
ဣသရေလတို့သည် ဇိနတောသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချသောအခါ၊ “ပရိသတ်တို့သောက် စရာရေမရှိ” (တော ၂ဝး၂) ခဲ့ချေ။ တစ်ချိန်က၊ ဣသရေလတို့သည် ဟောရပ်အရပ်၌သောက်စရာရေမရှိသည် ဖြစ်ရာ၊ ဘုရားသခင်သည် မောရှေအား “ထိုကျောက်ကိုရိုက်ရမည်” ဟု အမိန့်တော်ရှိ၍၊ ဣသရေလလူမျိုး များဝလင်စွာသောက်ဖို့ရန် ရေများအံ့ဖွယ်ပန်းထွက်လာခဲ့သည်။ ယခုတွင် ဣသရေလလူမျိုးတို့သည် သောက်စရာရေမရှိသည့်အလားတူပြဿနာကို ရင်ဆိုင်ခဲ့ရပြန်သည်။ ဘုရားသခင်သည် မောရှေအား “ကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကိုပေးလိမ့်မည်” (တော ၂ဝး၈) ဟု ခိုင်းခဲ့သည်။ သို့သော် လည်း ကျောက်ကိုမှာမည့်အစား၊ အမျက်ထွက်လျက် မောရှေက “ကျောက်ကိုလှံတံနှင့်နှစ်ကြိမ်ရိုက်” (တော ၂ဝး၁၁) ခဲ့သည်။ ရေသည်များစွာထွက်လာသည်။ သို့သော် မောရှေသည် ဘုရားသခင်ကို ပြစ်မှားခဲ့ပြီ။ ထိုအပြစ်ကြောင့် သူသည် ကတိထားတော်မူသောပြည်ကိုမဝင်ခဲ့ရချေ (တော ၂ဝး၁၁-၁၂)။
“သူ၏မဆင်မခြင်လုပ်ရပ်ကြောင့် မောရှေသည် ဘုရားသခင်က ရည်ရွယ်ချက်ရှိရှိသင်ပေးလိုသော သင်ခန်းစာ၏ စွမ်းအားကို ဖယ်ရှားပစ်ခဲ့သည်။ ခရစ်တော်ကို ပုံဆောင်သောထိုကျောက်ကို တစ်ကြိမ်ရိုက်ခဲ့ ခြင်းက ခရ်စတော်သည် တစ်ကြိမ်တည်းပူဇော်ခြင်းခံရမည်ကိုပုံဆောင်သည်။ ကျွန်ုပ်တို့သည် ယေရှု၏နာမ၌ ကောင်းချီးမင်္လာများကို တောင်းခံရန်သာလိုတော့သကဲ့သို့၊ ဒုတိယအကြိမ်တွင် ကျောက်ကိုစကားပြောရန်သာ လိုသည်။ ကျောက်ကိုဒုတိယအကြိမ်ရိုက်လိုက်ခြင်းသည် ဤနှစ်သက်ဖွယ်ခရစ်တော်ကို ပုံဆောင်မှု၏ အနှစ်သာရကို ဖျက်ဆီးပစ်ခဲ့သည်။
ထိုကျောက်သည် ဘုရားသခင်က သူ၏လူတို့ကို တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြစ်စေ၊ တည်ဆောက် သည့်အုတ်မြစ်တည်းဟူသော ခရစ်တော်ပင်ဖြစ်သည်။ ဤပုံဆောင်မှုကို သမ္မာကျမ်းစာတစ်အုပ်လုံးတွင် တွေ့ရသည်။
မောရှေသည် ဣသရေလတို့အား နောက်ဆုံးဟောသောတရားတွင်၊ ဤဖြစ်ရပ်ကို ပြန်လည်သတိရ ပြီး၊ ဘုရားသခင်၏ တည်ငြိမ်ခိုင်ခံ့မှုနှင့် ယုံကြည်အားကိုးလောက်မှုကို ပုံဖော်ရာတွင် ကျောက်ကိုဥပမာပေး၍ အသုံးပြုသည်။
“ငါတို့ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မူလအမြစ် (ကျောက်) ဖြစ်၍၊ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက်၊ သစ္စာစောင့် သောဘုရား၊ အပြစ်ကင်းလွတ်၍၊ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏” (တရားဟော ၃၂း၃-၄)။
ရာစုနှစ်များကုန်လွန်ပြီးနောက် ဒါဝိဒ်သည် သူ၏ ကယ်တင်ရှင်ကို ကျောက်ကဲ့သို့နှိုင်း၍ အလားတူအာဘော်ကိုပဲ့တင်ထပ်ခဲ့သည်။
“ငါ့ကိုကယ်တင်ခြင်းအကြောင်း၊ ငါ၏ဘုန်းပွင့်ခြင်းအကြောင်းကား၊ ဘုရားသခင်ပေတည်း။
ငါ့ကိုအားပေးသောကျောက်၊ ငါခိုလှုံရာကား ဘုရားသခင်ပေးတည်း” (ဆာလံ ၆၂း၇)။
ဟေရှာယကလည်း ကြွလာမည့်မေရှိယနှင့်ပတ်သက်၍၊ “စုံစမ်းသောအမြစ်ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင်မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်” (ဟေရှာ ၂၈း၁၆) ဟူ၍ အလားတူပုံဆောင်မှုကို အသုံးပြုသည်။
ပေတရုသည် ဤကြိုတင်ဟောကိန်းကို ခရစ်တော်သည် ပြည့်စုံစေကြောင်းကို သက်သေခံသည်မှာ၊ သူသည် သာမန်ကျောက်မဟုတ်ဘဲ၊ “လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက် မြတ်” (၁ပေ ၂း၄) ဟူ၍ဖြစ်သည်။ ပေါလုကလည်း၊ ကိုယ်တော်ကိုတစ်ခုတည်းသော ခိုင်မာသည့်တိုက်မြစ် အဖြစ်သဘောထား၍၊ ဤသို့ဆိုသည်။ “ယေရှုခရစ်တော်တည်းဟူသော၊ ချလျက်ရှိသောတိုက်မြစ်မှတစ်ပါး အခြားသောတိုက်မြစ်ကိုအဘယ်သူမျှမချနိုင်” (၁ကော ၃း၁၁)။ မောရှေ ရိုက်ခဲ့သောကျောက်ကိုရည်ညွှန်း၍၊ သူက “ထိုသူတို့နောက်၌လိုက်သော ဓမ္မကျောက်မှ ထွက်သော ရေကိုသောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ပင်ဖြစ်သတည်း” (၁ကော ၁ဝး၄) ဟုဆိုသည်။
ယေရှုကိုတိုင် ထိုပုံဆောင်မှုကို တိုက်ရိုက်အသုံးပြု၍၊ “ဤကျောက်ပေါ်မှာ ငါ၏ အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော်ကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ” (မဿဲ ၁၆း၁၈) ဟုဆိုသည်။ သူသည် ခရစ်ယာန်အသင်းတော်ကို အသက်ရှင်သော ကျောက်တည်းဟူသော သူကိုယ်တိုင်အပေါ်တွင် တည်ထောင်ခဲ့သည်။ သူစီစဉ်သောခိုင်မာသည့် တိုက်မြစ်ပေါ်တွင် တည်ဆောက်သောအသင်းတော်ကို မည်သည့်အရာကမျှ မအောင်နိုင်ချေ။ ဤကျောက်တော်မှ ရေငတ်သောလူအပေါင်းတို့အတွက် အနာငြိမ်းစေ သောရေစီးဆင်းလိမ့်မည် (ယေဇကျေ ၄၇:၁း၁၂။ ယောဟန် ၇◌း၃၇-၃၈။ ဗျာ ၂၂း၁-၅)။
ယေရှုသည်ထိုသို့ပြောခဲ့စဉ်က၊ အသင်းတော်သည် အလွန်ချည့်နဲ့၍ အားနည်းခဲ့သည်။ ၎င်းတွင် မောပန်းသောသူနှင့် သံသယဝင်နေသူအနည်းငယ်၊ ဝါကြွားသောတပည့်တော်များ၊ အမျိုးသမီးလက်ဆစ်ဆုပ် စာနှင့် ကျောက်တော်သည်ရိုက်ခြင်းခံရသောအခါ ပျောက်ကွယ်သွားသည့် စိတ်ပြောင်းလဲလွယ်သော လူအုပ်တို့ပါဝင်ခဲ့သည်။ သို့သော် အသင်းတော်ကို ချည့်နဲ့သောလူသား၏ ပညာနှင့် ဦးနှောက်အပေါ်တွင် မဟုတ်ဘဲ၊ ကာလအစဉ်တည်သောကျောက်တော်ပေါ်တွင် တည်ဆောက်သည်။ မည်သည့်အရာကမျှ သူ၏ အသင်းတော်ကို မဖျက်ဆီးနိုင်ကြောင်းနှင့် ၎င်းဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခြင်းနှင့် ယောက်ျား မိန်းမတို့ကို ကယ်တင်ရှင်ထံသို့ ပို့ဆောင်ခြင်းလုပ်ငန်းကို မဟန့်တားနိုင်ကြောင်းကို အချိန်က ဖော်ပြလိမ့်မည် (တမန် ၄း၁၂-၁၃၊ ၂၀-၃၃)။
အခန်း (၁၃) ကျန်ကြွင်းသောအသင်းတော်နှင့် ယင်း၏သာသနာလုပ်ငန်း
တစ်ကမ္ဘာလုံးနှင့်ဆိုင်သောအသင်းတော်ကို ခရစ်တော်ကိုအမှန်ယုံကြည်သောသူအားလုံးဖြင့် ဖွဲ့စည်း ထားသည်။ သို့သော် နောက်ဆုံးသောကာလ၊ အယူဖောက်ပြန်ခြင်းပျံ့နှံ့သောအချိန်တွင်၊ ကျန်ကြွင်းသောလူ တစ်စုသည် ဘုရားသခင်၏ပညတ်တော်နှင့်ယေရှု၏ယုကြည်ချက်ကိုစောင့်ရန် ခေါ်ထုတ်ခြင်းခံရသည်။ ဤကျန်ကြွင်းသောအသင်းတော်သည် တရားစီရင်ရာနေ့ရက်ရောက်လာကြောင်း ကြေညာသည်။ ခရစ်တော် အားဖြင့် ကယ်တင်ခြင်းရကြောင်းကို ထုတ်ဖော်ဟောကြားသည်။ သူ၏ဒုတိယအကြိမ်ကြွလာခြင်းနီးကြောင်း ကိုလည်း ကြွေးကြော်သည်။ ဤထုတ်ဖော်ပြောကြားခြင်းကို (ဗျာဒိတ် ၁၄) တွင်ပါရှိသော ကောင်းကင်တမန် သုံးပါးအားဖြင့် အမှတ်အသားပြုသည်။ ၎င်းသည် ကောင်းကင်တရားစီရင်ခြင်းအမှုနှင့် တိုက်ဆိုင်ပြီး၊ မြေကြီး ပေါ်တွင်နောင်တရခြင်းနှင့် ပြောင်းလဲခြင်းလုပ်ငန်းကို အကျိုးဆက်ဖြစ်ပေါ်စေသည်။ ဤကမ္ဘာအနှံ့သက်သေ ခံခြင်းတွင် ကိုယ်တိုင်ပါဝင်ရန် ယုံကြည်သူတိုင်းသည် ဖိတ်ခေါ်ခြင်းခံရသည်။ (ဟေရှာ ၁း၉။ ၁၁း၁၁။ ယေ ၂၃း၃။ ဒံ ၇:၉-၁၄။ မိက္ခာ ၂း၁၂။ ၂ကော ၅း၁၀။ ၁ပေ ၁း၁၆-၁၉။ ၄း၁၇။ ၂ပေ ၃း၁၀-၁၄။ ယုဒ ၃၊၁၄။ ဗျာ ၁၂း၁၇။ ၁၄း၆-၁၂။ ၁၈း၁-၄)။
အဆင်းနီသောနဂါးကြီးသည် ဝပ်၍၊ အဆင်သင့်ဖြစ်နေသည်။ သူသည် ကောင်းကင်တမန်များသုံးပုံ တစ်ပုံကို ကောင်းကင်မှ ဆွဲချပြီးဖြစ်သည် (ဗျာ ၁၂း၄၊ ၇-၉)။ ယခု သူသည် မွေးဖွားလာမည့်ကလေးကို ဝါးမျို နိုင်ခဲ့လျှင် သူသည် တိုက်ပွဲကိုအောင်နိုင်လိမ့်မည်။
သူ့ရှေ့၌ရပ်နေသောမိန်းမသည် နေကိုဝတ်လျက်၊ လကိုလည်းနင်း၍ ကြယ်တစ်ဆယ့်နှစ်လုံးရှိသော သရဖူကိုဆောင်းသည်။ သူမဖွားမြင်မည့်သားတော်သည် “လူမျိုးတကာတို့ကို သံလှံတံနှင့်အုပ်စိုးလတ္တံ့။”
နဂါးသည် ခုန်အုပ်သော်လည်း ထိုကလေးကိုသတ်မည့်ကြိုးပမ်းမှုများသည် အချည်းနှီးဖြစ်ရသည်။ “ထိုသားကို ဘုရားသခင့်ထံသို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏။” အမျက်ထွက် သောနဂါး၏ဒေါသသည် မိန်းမဘက်သို့လှည့်လာသည်။ မိန်းမသည် အတောင်ပံကိုရ၍၊ တစ်ကာလ၊ နှစ်ကာလနှင့် ကာလတစ်ဝက်ဖြစ်သော သုံးနှစ်ခွဲ သို့မဟုတ် ရက်ပေါင်း (၁၂၆၀) ပတ်လုံးတော၌ကျွေးမွေးခြင်း ကိုခံဖို့ရာ ဘုရားသခင်ပြင်ဆင်သောနေရာသို့ ခေါ်ဆောင်ခြင်းခံရသည်။ (ဗျာ ၁၂း၁-၆၊ ၁၃-၁၄)။
ကျမ်းစာ၏ပုရောဖက်ပြုချက်တွင် စင်ကြယ်သောမိန်းမသည် ဘုရားသခင်၏ သစ္စာရှိသောအသင်း တော်ကို ကိုယ်စားပြုသည်။ ဖောက်ပြန်သောမိန်းမသည် ဖောက်ပြန်သောဘုရားသခင်၏ လူတို့ကို ကိုယ်စား ပြုသည် (ယေဇ ၁၆၊ ဟေရှာ ၅၇:၈။ ယေ ၃၁း၄-၅။ ဟောရှေ ၁-၃။ ဗျာ ၁၇:၁-၅)။
“မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီး” သည် ကြာမြင့်စွာက မျှော်လင့်ထားသော ယေရှုခရစ်၊ သားတော်ကို ဝါးမျိုဖို့ရန် စောင့်စားနေသည်။ ယေရှုကို စစ်ခင်းနေသော စာတန်သည် ရောမအင်ပါယာကို လက်နက်အဖြစ် အသုံးပြုခဲ့သည်။ မည်သည့်အရာကမျှ၊ လက်ဝါးကပ်တိုင် ပေါ်သေခြင်းပင်လျှင်၊ ယေရှုကိုလူသားတို့၏ ကယ်တင်ရှင်အဖြစ် သူ၏လုပ်ငန်းတာဝန်မှ တားဆီးရန် မတတ် နိုင်ခဲ့ချေ။
လက်ဝါးကပ်တိုင်တွင် ခရစ်တော်သည် စာတန်ကိုအနိုင်ယူခဲ့သည်။ ကပ်တိုင်တင်သတ်ခြင်းနှင့် စပ်လျဉ်း၍၊ ခရစ်တော်က “ယခုတွင် ဤလောကသည် တရားစီရင်ခြင်း (ယောဟန် ၁၂း၃၁) ဟုဆိုသည်။ ဗျာဒိတ်ကျမ်းသည် ကောင်းကင်သားတို့၏ အောင်မြင်ခြင်းသီချင်းကို ဖော်ပြသည်။ “ယခုမှာကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏ အာဏာတော်စက် လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညမပြတ်အပြစ်တင် သောရန်သူကို အောက်သို့ချလေပြီ။ …. ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ရွှင်လန်းကြလော့” (ဗျာ ၁၂း၁ဝ-၁၂)။ ကောင်းကင်မှနှင်ထုတ်ခံရခြင်းသည် စာတန်၏အလုပ်ကိုကန့်သတ်လိုက်သည်။ စာတန်သည် ဘုရားသခင်၏လူတို့ကို ကောင်းကင်သားများရှေ့တွင် အပြစ်တင်၍မရတော့ချေ။
သို့သော် ကောင်းကင်သားများရွှင်လန်းနေစဉ်၊ မြေကြီးသားတို့သည် သတိပေချက်ကို သတိချပ်ရ မည်။ “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာ ရှိသည်ကို သိ၍၊ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းသက်လေပြီ” (ဗျာ ၁၂း၁၂)။
မိမိဒေါသထွက်ပေါက်အတွက် စာတန်သည် မိန်းမတည်းဟူသောအသင်းတော်ကို စတင်ညှဉ်းဆဲ တော့သည် (ဗျာ ၁၂း၁၃)။ သူမသည် ကြီးမားသော ဆင်းရဲဒုက္ခခံရသော်လည်း အသက်ဆက်နိုင်ခဲ့သည့်။ ရက်ပေါင်း (၁၂၆၀) သို့မဟုတ် နှစ်ပေါင်း (၁၂၆၀) အတါင်း၊ ဘုရားသခင်၏ သစ္စာရှိသူတို့အတွက် ခိုလှုံရာကို လူသူနည်းပါးသော “တော” ၌ စီစဉ်ခဲ့သည် (ဗျာ ၁၂း၁၄-၁၆)။
တောထဲပုန်းရှောင်ပြီးနောက်၊ ဘုရားသခင်၏လူတို့သည် ခရစ်တော်မကြာမီကြွလာခြင်း၏ နိမိတ်လက္ခဏာများကို တုံ့ပြန်ရာတွင် ပေါ်ထွန်းစပြုလာခဲ့သည်။ ယောဟန်သည် ဤသစ္စာရှိသူတို့ကို ဖေါ်ထုတ်ခွဲခြားခဲ့သည်။ ကျန်ကြွင်းသောသူတို့သည် “ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏ သက်သေခံချက်ကိုစွဲလမ်း” ကြသည်။ အထူးသဖြင့် စာတန်သည် ဤကျန်ကြွင်းသောသူတို့ကိုမုန်းတီးသည်။
ဤညှဉ်းဆဲခြင်းသည် မည်သည့် အချိန်နှင့်နေရာတါင် ဖြစ်ပျက်ခဲ့သနည်း။ မည်ကဲ့သို့ဖြစ်ပျက်လာခဲ့ သနည်း။ မည်သည့်အချိန်တွင် ကျန်ကြွင်းသောသူတို့သည် ပေါ်လာခဲ့သနည်း။ ၎င်း၏လုပ်ငန်းတာဝန်ကား အဘယ်နည်း။ ဤမေးခွန်းများကို ဖြေဆိုရာတွင် သမ္မာကျမ်းစာ ဓမ္မဟောင်း၊ ဓမ္မသစ်နှင့် သမိုင်းတို့ကို ပြန်လည် သုံးသပ်ရန်လိုအပ်သည်။
အခန်း (၁၄) ခရစ်တော်၏ကိုယ်ခန္ဓာ၌စည်းလုံးခြင်း
အသင်းတော်သည် လူအမျိုးအနွယ်အသီးသီး၊ ဘာသာစကားအသီးသီးတို့မှ ခေါ်တော်မူခြင်းကိုခံရ သော အသင်းဝင်များစွာရှိသည့် အစုအဖွဲ့တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ အသစ်သောသတ္တဝါ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အမျိုးအနွယ်၊ ယဉ်ကျေးမှု၊ အတန်းပညာနှင့် နိုင်ငံသားတို့အရ ကွဲပြား၍၊ အနိမ့်အမြင့်၊ ဆင်းရဲချမ်းသာ၊ ယောကျ်ားမိန်းမစသည်ဖြင့် ခြားနားကြသော်လည်း၊ကျွန်ုပ်တို့အကြား၌ စိတ်ဝမ်းကွဲမှုမရှိချေ။ ကျွန်ုပ်တို့အားလုံးသည် ခရစ်တော်၌တူညီကြသည်။ ကိုယ်တော်နှင့်လည်းကောင်း၊ အချင်းချင်းနှင့်လည်းကောင်း မိတ်သမဟာယတစ်ခု၌ ခရစ်တော်သည် ဝိညာဉ်တော်တစ်ပါးအားဖြင့် ကျွန်ုပ်တို့ကို ချည်နှောင်ခဲ့ပြီ။ ကျွန်ုပ်တို့သည် အလုပ်အကျွေးပြုရာတွင်လည်းကောင်း၊ အပြုအစုခံရာတွင် လည်းကောင်း မျက်နှာလိုက်ခြင်းနှင့် ခြွင်းချန်ခြင်းမရှိရချေ။ သမ္မာကျမ်းစာတွင် ယေရှုခရစ်တော်၏ ထုတ်ဖော် ပြသခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် တူညီသောယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းရှိ၍၊ သက်သေခံချက်တစ်ခုဖြင့် လူအားလုံးထံသို့အရောက်သွားကြသည်။ ဤစည်းလုံးခြင်းသည် ကျွန်ုပ်တို့ကိုသူ၏သားသမီးများအဖြစ် မွေးစားသော သုံးပါးတစ်ဆူဘုရား၏ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းမှလာသည်။ (ဆာလံ ၁၃၃း၁။ မဿဲ ၂၈း၁၉-၂၀။ ယောဟန် ၁၇:၂၀-၂၃။ တမန် ၁၇:၂၆-၂၇။ ရောမ ၁၂း၄-၅။ ၁ကော ၁၂း၁၂-၁၄။ ၂ကော ၅း၁၆-၁၇။ ဂလာ ၃း၁၇-၂၉။ ဧဖက် ၂း၁၃-၁၆။ ၄း၃-၆၊ ၁၁-၁၆။ ကော ၃း၁၀-၁၅)။
ယေရှုသည် မြေကြီးပေါ်သူ၏အလုပ်ကိုပြီးဆုံးသွားသောအခါ (ယောဟန် ၁၇:၄) သူအသေမခံမီ ညနေ၌ပင် သူ၏တပည့်တော်များ၏ အခြေအနေအပေါ် ဆက်လက်၍သောကပွားခဲ့ရသည်။
မနာလိုမှုကြောင့် မည်သူသည် အကြီးဆုံးဖြစ်သည်၊ မည်သူသည် ခရစ်တော်၏နိုင်ငံတော်တွင် အမြင့် ဆုံးသောရာထူးကိုရမည်ဟူ၍ ငြင်းခုံခဲ့ကြသည် (မဿဲ ၂ဝး၂၅-၂၆)။ ယေရှုက နှိမ့်ချခြင်းသည် သူ့နိုင်ငံ၏ အခြေအမြစ်ဖြစ်ကြောင်း၊ စစ်မှန်သောသူ၏နောက်လိုက်များသည် အစေခံဖြစ်ရမည်ဖြစ်ကြောင်း၊ ကျေးဇူး တင်ခြင်းကိုပင် မမျှော်လင့်ဘဲ မိမိတို့ကိုယ်ကိုလိုလိုလားလား ပေးဆပ်လိုခြင်းဖြစ်ကြောင်း ရှင်းပြသည်။ မည်သူမျှ မပြုလုပ်လိုသောအချိန်တွင် သူသည် ကိုယ်ကိုကိုင်း၍ သူ၏ခြေထောက်ကိုဆေး၍ ပြခဲ့သည့် ပုံပမာ သည်လည်း အချည်းနှီးဖြစ်ဟန်ရှိသည်။
ယေရှုသည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ သူ၏ထောက်ထားမှုကြောင့် လူအုပ်သည် သူ့နောက်သို့ ဆက်လိုက်ပြခြင်းဖြစ်သည်။ ဤကိုယ်ကျိုးမဖက်သောမေတ္တာကို နားမလည်သောတပည့်တော်တို့သည် ယုဒ လူမျိုးမဟုတ်သူများ အမျိုးသမီးများ၊ “အပြစ်သားများ” ဆင်းရဲသားများအပေါ်ပြင်းထန်သော မလိုမုန်းထား မှုဖြင့် ပြည့်ခဲ့ကြသည်။ ထိုစိတ်ဓါတ်ကြောင့် ဤမုန်းစရာကောင်းသောသူတို့အပေါ် ခရစ်တော်၏လူသားအား လုံးကို လွှမ်းခြုံသောမေတ္တာကို သူတို့မမြင်နိုင်ဖြစ်ခဲ့ရသည်။ ကိုယ်တော်သည် နာမည်ဆိုးရှိသော ရှမာရိအမျိုး သမီးနှင့် စကားပြောသည်ကို တပည့်တော်တို့မြင်တွေ့သောအခါ၊ လယ်၌ရှိသောစပါးအမျိုးမျိုးတို့သည် ရိတ်သိမ်းရန် ဝင်းမှည့်နေပြီဖြစ်ကြောင်းကို သူတို့မသိခဲ့ချေ။ ခရစ်တော်၏နိုင်ငံတော်တွင် ယုဒလူမျိုးနှင့် သာသနာပလူတို့အကြား၊ ရောမနှင့် ဟေလသတို့အကြား၊ ယောကျ်ားနှင့်မိန်းမအကြား ခွဲခြားမှုမရှိကြောင်းကို သူတို့လက်မခံ နိုင်ခဲ့သေးချေ။ လူသားအားလုံးသည် အပြစ်သားများဖြစ်ကြပြီး၊ ဘုရားသခင်၏ နိုင်ငံတော် တွင်ပါဝင်ရန် အားလုံးဖိတ်ခေါ်ခြင်းခံရသည်။
ခရစ်တော်ကို ထုံးတမ်းစဉ်လာ၊ လူထုအမြင် သို့မဟုတ် မိသားစုထိန်းချုပ်မှုကပင် ယိမ်းယိုင်အောင် မလုပ်နိုင်ချေ။ သူ၏ထိန်းချုပ်၍မရနိုင်သောမေတ္တာသည် ပျက်စီးနေသောလူသားတို့ထံသို့ ရောက်၍၊ သူတို့ကို ပြန်လည်ထူထောင်သည်။ ထိုသို့သောမေတ္တာသည် သူတို့ကို သတိမမူသောအများပြည်သူများနှင့် ခွဲခြားပြီး၊ စစ်မှန်သောတပည့်တော်များဖြစ်ခြင်း၏ အထောက်အထားဖြစ်လိမ့်မည်။ “ငါသည် သင်တို့ကိုချစ်သည်နည်း တူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့” (ယောဟန် ၁၅း၁၂) မှ ကိုယ်တော်၏ပညတ်ဖြစ်သည်။ လောကီ သားများသည် ခရစ်ယာန်များကို သူတို့၏ ယုံကြည်ခြင်းကြောင့်မဟုတ်ဘဲ၊ သူတို့၌ ခရစ်တော်၏မေတ္တာကို ဖော်ပြခြင်းအားဖြင့် အမြဲတမ်းခွဲခြားသိမြင်နိုင်လိမ့်မည် (ယောဟန် ၁၃း၃၄-၃၅)။
ထိုကြောင့် ဂေသရှေမန်ဥယျာဉ်၌ပင်လျှင်၊ ခရစ်တော်၏ စိတ်ထဲ၌ အဓိကရှိသောအရာမှာ သူ၏အသင်းတော်တည်းဟူသော “လောကထဲမှယူ” (ယောဟန် ၁၇:၆) ခြင်းကိုခံရသောသူတို့၏ စည်းလုံး ခြင်းပင်ဖြစ်သည်။ သုံးပါးတစ်ဆူဘုရားအထဲ၌ရှိသော အလားတူစည်းလုံးခြင်းမျိုး အသင်းတော်တွင်ရှိစေရန် သူသည် ခမည်းတော်ကိုဆုတောင်းခဲ့သည်။ “ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီ သားတို့သည် ယုံကြည်မည်အကြောင်း၊ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းငှါ” ယေရှုဆုတောင်းခဲ့သည်။ (ယောဟန် ၁၇:၂၁)။
ထိုသို့သောစည်းလုံးခြင်းသည် အထိရောက်ဆုံးသောသက်သေခံခြင်း၏ လက်နက်ဖြစ်သည်။ အကြောင်းမှာ လူသားများအတွက် ခရစ်တော်၏ကိုယ်ကျိုးမဖက်သော မေတ္တာ၏ သက်သေဖြစ်သည်။ “ကိုယ်တော်သည်လည်း အကျွန်ုပ်၌ရှိတော်မူသောအားဖြင့် သူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍၊ တစ်လုံးတစ်ဝတည်း၌ စုံလင်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူ ကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့ကိုသိစေ” ပါကို ယေရှုဆိုခဲ့သည် (ယောဟန် ၁၇:၂၃)။
အခန်း (၁၅) ရေနှစ်ခြင်း
ရေနှစ်ခြင်းခံယူခြင်းအားဖြင့် ယေရှု၏အသေခံခြင်းနှင့် ထမြောက်ခြင်းကို ယုံကြည်ကြောင်း ကျွန်ုပ်တို့ ဝန်ခံကြပြီး၊ အပြစ်၌သေခြင်းနှင့် အသစ်သောအသက်တာ၌လျှောက်လှမ်းရန် စိတ်ပိုင်းဖြတ်ခြင်းကို ကျွန်ုပ်တို့သက်သေခံသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်ကို အရှင်သခင်နှင့် ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုပြီး၊ သူ၏လူများဖြစ်လာကာ၊ သူ၏အသင်းတော်တွင် အသင်းဝင်များအဖြစ်ပါဝင်ခွင့်ရရှိ သည်။ ရေနှစ်ခြင်းသည် ခရစ်တော်နှင့် ကျွန်ုပ်တို့ပေါင်းစည်းခြင်း၊ ကျွန်ုပ်တို့၏အပြစ်များကို လွှတ်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကိုလက်ခံရရှိခြင်းတို့၏ သင်္ကေတဖြစ်သည်။ ရေထဲနှစ်ခြင်းသည် ယေရှုအားယုံကြည်ခြင်းကို သစ္စာဆိုခြင်းနှင့် အပြစ်နောင်တရခြင်း၏ အထောက်အထားကို ဖော်ပြသောအရာ ဖြစ်သည်။ ၎င်းသည် သမ္မာကျမ်းစာ၏ ညွှန်ကြားချက်များ၊ သွန်သင်ချက်များနှင့် ညီညွတ်သည်။ (မဿဲ ၂၈း၁၉-၂၀။ တမန် ၂း၃၈။ ၁၆း၃၀-၃၃။၂၂း၁၆။ ရောမ ၆း၁-၆။ ဂလာ ၃း၂၇။ ကောလောသဲ ၂း၁၂-၁၃)။
ညောင်ဝီရာ (Nyangwira) သည် အာဖရိကအလယ်ပိုင်းတွင် နေထိုင်သည်။ ရေနှစ်ခြင်းသည် ရွေးစရာ တစ်ခုမျှသာဟု သူမ မယူဆချေ။ တစ်နှစ်ကျော်မျှ သမ္မာကျမ်းစာကို စိတ်ပါစွာလေ့လာခဲ့သည်။ သူမသည် ခရစ်ယာန်တစ်ဦးဖြစ်လာချင်သည်။
တစ်ညနေခင်းတွင် သူမသည် သူသင်ယူခဲ့သောအရာများကို သူမ၏ ခင်ပွန်းသည်အား ပြောပြခဲ့သည်။ ယမ်းပုံမီးကျသည့်အလား သူက “ဒီလိုမျိုးဘာသာရေးကို ငါ့အိမ်မှာ ငါမလိုချင်ဘူး။ မင်းဆက်ပြီး လေ့လာမယ်ဆိုရင် မင်းကိုငါသတ်မယ်” ဟု အော်ငေါက်ခဲ့သည်။ သူမသည် ကြေကွဲသော်လည်း၊ ကျမ်းစာကိုဆက်လေ့လာပြီး၊ မကြာမီ ရေနှစ်ခြင်းခံရန် အဆင်သင့်ဖြစ်နေခဲ့သည်။
ရေနှစ်ခြင်းမင်္ဂလာပွဲသို့မသွားမီ၊ ညောင်ဝီရာသည် လင်ယောကျ်ားရှေ့တွင် ရိုသေစွာဒူးထောက်၍၊ ရေနှစ်ခြင်းခံမည့် အကြောင်းကိုပြောပြခဲ့သည်။ သူသည် အမဲလိုက်ဓားမကို ကြောက်ယူ၍ “မင်းရေနှစ်ခြင်း ခံတာ ငါမလိုချင်ဘူးလို့ ငါပြောပြီးပြီ။ မင်းရေနှစ်ခြင်းခံတဲ့နေ့မှာ မင်းကိုငါသတ်မယ်” ဟုအော်ဟစ်ခဲ့သည်။
သို့သော် ညောင်ဝီရာသည် သူ့သခင်၏နောက်သို့လိုက်ရန် ဆုံးဖြတ်ပြီး၊ ယောကျ်ား၏ ခြိမ်းခြောက်မှု သည် နားထဲပဲ့တင်ထပ်နေရင်း ထွက်သွားခဲ့သည်။
ရေထဲသို့မဆင်းမီ၊ ထိုနေ့တွင် သူမ၏အသက်ကိုသူ့သခင်ဘုရားထံ ပေးဆပ်ရမည်၊ မပေးဆပ်ရမည် ကိုမသိသည်ဖြစ်ရာ သူမ၏အပြစ်များကို ဖော်ပြဝန်ချ၍၊ မိမိ၏ အသက်ကို သူမ၏ကယ်တင်ရှင်ထံသို့ အပ်နှံ ခဲ့သည်။ ရေနှစ်ခြင်းခံသောအခါ သူမ၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်းနှင့်ပြည့်နေခဲ့သည်။
သူမအိမ်သို့ပြန်ရောက်သောအခါ၊ ဓါးကို ယူ၍ ယောကျ်ားကိုကမ်းပေးလိုက်သည်။ သူက “မင်းရေနှစ် ခြင်း ခံပြီးလား” ဟုဒေါသတကြီးမေးခဲ့သည်။ ညောင်ဝီရာက “ဟုတ်ကဲ့၊ ရော့ဒီမှာဓါး” ဟု ရိုးရိုးပင်ပြန်ဖြေ ခဲ့သည်။ “မင်းအသတ်ခံဖို့အဆင်သင့်ပဲလား” ဟုမေးရာ၊ “ဟုတ်ကဲ့၊ အဆင်သင့်ပဲ” ဟုပြန်ဖြေခဲ့သည်။ သူမ၏ သတ္တအပေါ်အံ့ဩပြီး၊ ယောကျ်ားသည် သူမကိုသတ်လိုစိတ်မရှိတော့ချေ။
အခန်း (၁၆) သခင်ဘုရား၏ပွဲတော်
သခင်ဘုရား၏ ပွဲတော်သည် ကျွန်ုပ်တို့၏အရှင်သခင်နှင့် ကယ်တင်ရှင်ဖြစ်သော ယေရှုကို ယုံကြည် ကြောင်းဖေါ်ပြခြင်းအဖြစ် သူ၏ကိုယ်နှင့် အသွေးကိုသုံးဆောင်ခြင်းအထိမ်းအမှတ်၌ ပါဝင်ခြင်းဖြစ်သည်။ ဤပွဲတော်မင်္ဂလာကျင်းပရာတွင် ခရစ်တော်သည်မိမိလူတို့ကိုတွေ့ဆုံရန်နှင့် ခွန်အားပေးရန် ကြွရောက်သည်။ ပွဲတော်မင်္ဂလာတွင် ပါဝင်ခြင်းအားဖြင့် သခင်ဘုရား၏ အသေခံခြင်းကို တစ်ဖန်ကြွလာသည်တိုင်အောင် ဝမ်းမြောက်စွာထုတ်ပြန်ကြေညာကြသည်။ ညစာစားပွဲအတွက် ပြင်ဆင်ခြင်းတွင် မိမိကိုယ်ကိုဆန်းစစ်ခြင်း၊ နောင်တရခြင်းနှင့် အပြစ်ဝန်ချတောင်းပန်ခြင်းတို့ပါဝင်ပါသည်။ သခင်ဘုရားသည် ခြေဆေးမင်္ဂလာကို အသစ်တစ်ဖန်ဆေးကြောခြင်းကို သဘောဆောင်ရန်၊ ခရစ်တော်၏နှိမ့်ချခြင်းကဲ့သို့ အချင်းချင်းကူညီမစလို ခြင်းကိုဖေါ်ပြရန်၊ ကျွန်ုပ်တို့၏စိတ်နှလုံးကို ချစ်ခြင်းမေတ္တာ၌ပေါင်းစည်းရန် ချမှတ်ခဲ့သည်။ ပွဲတော်မင်္ဂလာ တွင် ယုံကြည်သူခရစ်ယာန်များအားလုံးပါဝင်ခွင့်ရှိသည်။ (မဿဲ ၂၆း၁၇-၃၀။ ယောဟန် ၆း၄၈-၆၃။ ၁၃း၁-၁၇။ ၁ကော ၁ဝး၁၆-၁၇။ ၁၁း၂၃-၃၀။ ဗျာ ၃း၂၀)
ဖုန်ပေသောခြေထောက်များဖြင့် သူတို့သည် ပသခါပွဲအတွက် အထက်ခန်းသို့ရောက်လာခဲ့ကြသည်။ တစ်စုံတစ်ဦးသည် ခြေဆေးခြင်းဓလေ့အတွက် နှုတ်သီး ပါသော ရေကိုင်းခွက်၊ ရေဇလုံနှင့် ကိုယ်သုတ်ပဝါကို ပြင်ဆင်ထားခဲ့သည်။ သို့သော် မည်သူကမျှ အစေခံအလုပ်ကိုမလုပ်လိုကြချေ။
မကြာမီသေရတော့မည်ကိုသိ၍၊ ယေရှုက ဝမ်းနည်းစွာ ဤသို့ဆိုသည်။ “ ငါသည် အသေမခံမီ ဤပသခါပွဲကို သင်တို့နှင့် အတူစားခြင်းငှါ အလွန်အလိုရှိလေပြီ။ ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမီတိုင်အောင် ယခုမှစ၍ ဤပွဲကို တစ်ဖန်ငါမစားရ” (လုကာ ၂၂း၁၅-၁၆)။
တပည့်တော်များအချင်းချင်းမနာလိုမှုသည် ယေရှု၏ စိတ်နှလုံးကို ဝမ်းနည်စေခဲ့သည်။ သူ၏နိုင်ငံတော်တွင် မည်သူသည် အကြီးဆုံးဖြစ်မည်ကို သူတို့ယှဉ်ပြိုင်နေကြသည်ကို သူသဘောပေါက်သည် (လုကာ ၂၂း၂၄။ မဿဲ ၁၈း၁။ ၂ဝး၂၁)။ ရာထူးအတွက် အကွက်ဆင်ကြသည့်အရာမှာ သူတို့၏ မာန်မာနနှင့် မိမိကိုယ်ကို အထင်ကြီးခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် တပည့်တော်တို့အား မိမိကိုယ်ကို နှိမ့်ချခြင်းမှ တားဆီးပြိး၊ အခြားသူတို့၏ ခြေကိုဆေးရန် အစေခံ၏ နေရာကိုအစားမထိုးနိုင်ခဲ့ကြချေ။ ဘုရားသခင်၏ နိုင်ငံတွင် စစ်မှန်သော ကြီးမြတ်ခြင်းသည် နှိမ့်ချခြင်းနှင့် မေတ္တာဖြင့် အစေခံခြင်းအားဖြင့် ထင်ရှားကြောင်းကို သူတို့သည် သင်ယူနိုင်ကြပါဦးမည်လော။
“ညစာကိုစားကြစဉ်” (ယောဟန် ၁၃း၂-၄) ယေရှုသည် ညင်သာစွာထ၍ ကိုယ်သုတ်ပဝါကိုယူပြိး ဇလုံတွင်ရေလောင်းထည့်ကာ ထို့နောက်ဒူးထောက်ပြီး တပည့်တော်တို့၏ခြေကိုစတင်ဆေးခဲ့သည်။ သခင်သည် အစေခံကဲ့သို့ဖြစ်သည်တကား၊ စကားမပြောဘဲ အပြစ်တင်ဆုံးမခြင်းကို နားလည်၍ တပည့်တော်တို့သည် ရှက်စိတ်နှင့် ပြည့်နေခဲ့ကြသည်။ မိမိတပည့်တော်များ၏ခြေကိုဆေးပြီးနောက် ယေရှုသည်စားပွဲတွင် မိမိနေရာကိုပြန်ယူပြီး ဤသို့ဆိုသည်။ “သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍ လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ်ကြသည်အတိုင်း ငါမှန်၏။ ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ် လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင်၊ သင်တို့သည်ပြုစေခြင်းငှါ ပုံသက်သေကိုပြခဲ့ပြီ။ ငါအမှန်အကန်ဆိုသည် ကား၊ ကျွန်သည် သခင်ထက်ကြီးမြတ်သည်မဟုတ်၊ တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ် သည်မဟုတ်။ ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။ (ယောဟန် ၁၃း၁၄-၁၇)။
ထို့နောက်ယေရှုသည် ပသခါပွဲအစား သူ၏ ကြီးမားသော ပေးဆပ်ခြင်းကိုအောက်မေ့ဖို့ရန် သခင်ဘုရား၏ ပွဲတော်ကို သတင်ပြဌာန်းခဲ့သည်။ သူသည် တဆေးမပါသောမုန့်ကိုယူ၍၊ “ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ …. တပည့်တော်တို့အားပေးတော်မူ၏” (မဿဲ ၂၆း၂၆)။ ထိုနောက် “ဤမုန့်ကား၊ သင်တို့အဖို့အလိုငှါ ချိုးဖဲ့သောငါ၏ ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏” (၁ကော ၁၁း၂၄)။ တစ်ဖန်သူသည် “ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍၊ သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ် နှင့်ဆိုင်၍ လူများတို့၏ အပြစ်ကိုလွှတ်စေခြင်းငှါသွန်းသော ငါ၏အသွေးဖြစ်၏” (မဿြ ၂၆း၂၇-၂၈)။ “ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော်မမူမီတိုင်အောင်ပြုကြ၏။” (၁ကော ၁၁း၂၅-၂၆) ဟုဆိုသည်။
ခြေဆေးမင်္လာနှင့် သခင်ဘုရား၏ပွဲတော်တို့သည် ပွဲတော်မင်္ဂလာကိုဖြစ်လာစေသည်။ ထိုကြောင့် ခရစ်တော်သည် သူနှင့်အတူရင်းနှီးကျွမ်းဝင်ခြင်း၌ ဝင်စားစေခြင်းငှါ ကျွန်ုပ်တို့ကိုကူညီရန် ဤအရာနှစ်ခုကို ပြဌာန်းခဲ့သည်။
အခန်း (၁၇) ဝိညာဉ်ဆုကျေးဇူးများနှင့် သာသနာလုပ်ငန်းများ
ဘုရားသခင်သည် ခေတ်ကာလတစ်လျှောက်လုံးတွင် သူ့အသင်းတော်၏ အသင်းဝင်များအားလုံး အား ဝိညာဉ်ဆုကျေးဇူးများကို ပေးအပ်ပေးသည်။ အသင်းသားတစ်ဦးစီသည် အသင်းတော်နှင့်လူသားတို့၏ ဘုံကောင်းကျိုးအတွက် မေတ္တာဖြင့် အမှုတော်ဆောင်ရာတွင် ၎င်းတို့အသုံးပြုသည်။ မိမိအလိုရှိသည်အတိုင်း အသင်းသားတစ်ဦးချင်းစီကို ခွဲဝေပေးသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ပေးသော ဤဆုကျေးဇူးများ သည် အသင်းတော်အားဖြင့် ၎င်း၏ဘုရားပေးလုပ်ငန်းများကို ဖြည့်စွမ်းရန်လိုအပ်သော စွမ်းရည်အားလုံးနှင့် သာသနာလုပ်ငန်းကို စီစဉ်ပေးသည်။ သမ္မာကျမ်းစာအရ၊ ဤဆုကျေးဇူးများတွင် ယုံကြည်ခြင်း၊ အနာရောဂါငြိမ်းစေခြင်း၊ ပုရောဖက်ပြုခြင်း၊ သနားကြင်နာခြင်း၊ ကိုယ်ကျိုးမဖက်သောလုပ်ဆောင်မှု၊ လူတို့ကိုကူညီအားပေးရန် စွန့်ကြဲခြင်းတို့ပါဝင်သည်။ အသင်းသားများကို အမှုတော်အတွက် လက်နက်တပ် ဆင်ပေးရန်၊ အသင်းတော်ကို ဝိညာဉ်ရေး၌ ရင့်ကျက်လာအောင်တည်ဆောက်ရန်နှင့်၊ ယုံကြည်ခြင်းနှင့် ဘုရား သခင်ကို သိကျွမ်းခြင်း၌ စည်းလုံးခြင်းကို မြှင့်တင်ရန် အထူးလိုအပ်သော သာသနာလုပ်ငန်းများဖြစ်သည့် ဓမ္ဆရာအရာ၊ ဧဝံဂေလိတရားဟောပြောခြင်းအရာနှင့် သွန်သင်ခြင်းတို့အတွက် ဘုရားသခင်သည် လူတချို့ကို ခေါ်တော်မူ၍၊ အသင်းတော်အားဖြင့် အသိအမှတ်ပြုသောလုပ်ငန်းများအတွက် သန့်ရှင်းသောဝိညာဉ်တော် သည် ပံ့ပိုးသည်။ အသင်းသားများသည် ဘုရားသခင့်ကျေးဇူးတော်၏ သစ္စာရှိသော ဘဏ္ဍာစိုးများအဖြစ် ဤဝိညာဉ်ဆုကျေးဇူးများကို အသုံးပြုသောအခါ၊ အသင်းတော်သည် မှားယွင်းသော ယုံကြည်ချက်၏ အဖျက် ဩဇာသက်ရောက်မှုမှ ကာကွယ်ခြင်းခံရပြီး ဘုရားသခင့်ထံမှ ရရှိသော ကြီးထွားမှုမျိုးဖြင့် ကြီးထွား၍ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတါင် တည်ဆောက်ခြင်းခံရသည်။ (တမန် ၆း၁-၇။ ရောမ ၁၂း၄-၈။ ၁ကော ၁၂း၇-၁၁၊ ၂၇-၂၈။ ဧဖက် ၄း၈၊ ၁၁-၁၆။ ၁တိ ၃း၁-၁၃။ ၁ပေ ၄း၁၀-၁၁)။
ကောင်းကင်သို့ မတက်ကြွမီအချိန်လေးတွင် ယေရှုပြောသောစကားသည် သမိုင်းကို ပြောင်းလဲစေခဲ့သည်။ သူသည် တပည့်တော်တို့ကို “သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့” (မာကု ၁၆း၁၅) ဟုစေခိုင်းခဲ့သည်။
တစ်ကမ္ဘာလုံးရှိ လူအားလုံးထံသို့ ဧဝံဂေလိတရားဟောခြင်းမှာ မဖြစ်နိုင်သောအလုပ်ဟု တပည့်တော် များစဉ်းစားကောင်း စဉ်းစားခဲ့ကြလိမ့်မည်။ ခရစ်တော်သည် သူတို့၏ခိုကိုးရာမဲ့နေခြင်းကိုသိ၍၊ သူတို့ကို “ယေရုရှလင်မြို့မှ မထွက်မသွားဘဲ၊ ခမည်းတော်၏ကတိကို ငံ့နေမည်အကြောင်း မှာတော်မူ၏။” ထိုနောက် သူတို့ကို “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” (တမန် ၁း၄-၈) ဟု အခိုင်အမာဆိုသည်။
ကောင်းကင်သို့ယေရှုတက်ကြွသွားပြီးနောက်ပိုင်း၊ တပည့်တော်တို့သည် ဆုတောင်းခြင်းဖြင့် အချိန် များစွာကုန်စေကြသည်။ ယေရှုနှင့်အတူရှိနေသောအချိန်များစွာကို ရုပ်ပျက်စေခဲ့သော သဘောထားကွဲလွဲ ခြင်းနှင့် မနာလိုမှုများကို ညီညွတ်မှုနှင့် နှိမ့်ချခြင်းတို့က အစားထိုးခဲ့သည်။ တပည့်တော်များပြောင်းလဲခဲ့ကြ သည်။ ခရစ်တော်နှင့်အတူ ရင်းနှီးသော ဆက်ဆံရေးနှင့် ၎င်း၏အကျိုးဆက်ဖြစ်သော စည်းလုံးခြင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်သွန်းလောင်းရန်အတွက် လိုအပ်သော ပြင်ဆင်မှုဖြစ်သည်။
ယေရှုသည် သူ၏သာသနာလုပ်ငန်းနှင့် သင့်လျော်စေရန် ဝိညာဉ်တော်၏ အထူးဘိသိက်ပေးခြင်းကို ခံခဲ့ရသကဲ့သို့ (တမန် ၁ဝး၃၈)၊ တပည့်တော်များသည် သက်သေခံနိုင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော် ၏ ဗတ္တိဇံကို ခံခဲ့ကြသည် (တမန် ၁း၅)။ ၎င်း၏ရလဒ်မှာ အံ့ဩတုန်လှုပ်စရာပင်ဖြစ်သည်။ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးကို ရရှိသောနေ့တွင်၊ လူပေါင်း (၃၀၀၀) ကိုရေနှစ်ခြင်းပေးခဲ့ကြသည် (တမန် ၂း၄၁)။
အခန်း (၁၈) ပုရောဖက်ပြုခြင်းဆုကျေးဇူး
သန့်ရှင်းသော ဝိညာဉ်တော်၏ဆုကျေးဇူးများအနက်မှ တစ်ခုသောဆုကျေးဇူးမှာ ပုရောဖက်ပြုခြင်း ဖြစ်ကြောင်း သမ္မာကျမ်းစာက သက်သေခံသည်။ ဤဆုကျေးဇူးသည် ကျန်ကြွင်းသော အသင်းတော်ကို ခွဲခြားနိုင်သော အမှတ်အသားဖြစ်၍ ၎င်းသည် အယ်လင်ဂျီဝှိုက်၏သာသနာလုပ်ငန်းတွင် ထင်ရှားသည်ဟု ကျွန်ုပ်တို့ယုံကြည်သည်။ သူမ၏စာပေလက်ရာသည် ပုရောဖက်ပြုသောအခွင့်အာဏာပြောဆို၍၊ အသင်းတော် အတွက် နှစ်သိမ့်ခြင်း၊ လမ်းညွှန်မှု၊ သင်ကြားပို့ချမှုနှင့် အမှားပြင်ခြင်းတို့ကိုပေးသည်။ အားလုံးသော သွန်သင်မှုများနှင့် အတွေ့အကြုံတို့ကို စစ်ဆေးရသောစံချိန်စံညွှန်းမှာ သမ္မာကျမ်းစာဖြစ် ကြောင်းကို သူမ၏စာပေများက ရှင်းလင်းစွာဖော်ပြသည်။ (တော ၁၂း၆၊ ၆ရာ ၂ဝး၂ဝ။ ယောလ ၂း၂၈-၂၉။ အာမုတ် ၃း၇။ တမန် ၂း၁၄-၂၁။ ၂တိ ၃း၁၆-၁၇။ ဟေဗြဲ ၁း၁-၃။ ဗျာ ၁၂း၁၇။ ၁၉း၁၀။ ၂၂း၈-၉)။
ယုဒရှင်ဘုရင်ယောရှဖတ်သည် စိတ်သောကရောက်ခဲ့သည်။ ရန်သူစစ်တပ်ကြီးသည် ချဉ်းကပ်လာနေပြီး၊ အလားအလာရှိသည့်အခြေအနေမှ မျှော်လင့်ချက်ကင်းမဲ့ဟန်ရှိသည်။ ယောရှဖတ်သည် …..”ထာဝရဘုရားကိုရှာခြင်းနှာ သဘောချလျက်၊ အစာရှောင်ရာအချိန်ကို ယုဒပြည်တစ်လျှောက်လုံး၌ ကြေညာစေတော်မူ၏” (၆ရာ ၂ဝး၃)။ လူတို့သည် ဘုရားသခင်ကယ်နုတ်ခြင်းကို တောင်းခံရန် ဗိမာန်တော်သို့ တဖွဲဖွဲရောက်လာခဲ့ကြသည်။
ယောရှဖတ်သည် ဆုတောင်းခြင်းကို ဦးဆောင်နေချိန်တွင်၊ သူသည် အခြေအနေကိုပြောင်းသွားရန် ဘုရားသခင်ကို တောင်းလျှောက်ခဲ့သည်။ သူသည် “ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ဖြစ်တော်မူသည်မဟုတ်လော။ တစ်ပါးအမျိုးသားနေရာတိုင်းနိုင်ငံ ရှိသမျှတို့ကို အစိုးရတော်မူသည်မဟုတ်လော။ အဘယ်သူမျှ မတားဆီးနိုင်အောင် ခွန်အားတန်ခိုးကြီးတော်မူ သည်မဟုတ်လော” ဟု ဆုတောင်းခဲ့သည်။ (၆ရာ ၂ဝး၆)။ ဘုရားသခင်သည် မိမိလူတို့ကို အလျင်က အထူးကာကွယ်ခဲ့သည်မဟုတ်လော။ ဤပြည်ကို သူရွေးချယ်သောလူမျိုးတို့အား ပေးခဲ့ပြီမဟုတ်လော။ ထို့ကြောင့် ယောရှဖတ်သည် “အိုအကျွန်ုပ်တို့၏ ဘုရားသခင်၊ သူတို့ကို မစီရင်ဘဲ နေတော်မူမည်လော။ ကျွန်ုပ်တို့သည် … မတတ်နိုင်ပါ။ အဘယ်သို့ ပြုရမည်ကို မသိပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက်နေကြပါသည်” (၆ရာ ၂ဝး၁၂) ဟူ၍ အသနားခံခဲ့သည်။
ယုဒလူအားလုံးသည် ထာဝရဘုရားရှေ့တွင် ရပ်နေကြစဉ်၊ ယဟာဇေလသည် ထလာခဲ့သည်။ သူ၏သတင်းစကားသည် ကြောက်ရွံ့နေသောလူတို့ကို သတ္တိနှင့် ညွှန်ကြားချက်များကိုပေးသည်။ သူက “မကြောက်ကြနှင့်။ ….စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏။….သင်တို့သည် စစ်တိုက်စရာ အကြောင်းမရှိသည်ဖြစ်၍၊ တည်ကြည်စွာမတ်တပ်ရပ်နေလျက်၊ ထာဝရဘုရား၏ကယ်တင်တော်မူခြင်း ကျေးဇူးကိုကြည့်ရှုကြလော့။….ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏” (၆ရာ ၂ဝး၁၅-၁၇)။ နံနက်အချိန်တွင် ယောရှဖတ်သည် မိမိတပ်စုကြီးကို “သင်တို့၏ဘုရားသခင်ကို ယုံကြည်ကြ လော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပုရောဖက်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင်ကြ လိမ့်မည်ဟု မိန့်တော်မူ၏” (၆ရာ ၂ဝး၂ဝ)။
ရှင်ဘုရင်သည် လူသိနည်းသော ပုရောဖက်ယဟာဇေလကို အပြည့်အဝယုံကြည်သည်ဖြစ်ရာ၊ စစ်တပ်ကြီး၏အရှေ့တွင် ထာဝရဘုရား၏ သန့်ရှင်းခြင်းအသရေကို ချီးမွမ်းရသောသီချင်းသည်တို့ကို ချထားသည်။ ချီးမွမ်းခြင်းသီချင်းကို စဆိုသောအခါ၊ ထာဝရဘုရားသည် ယုဒလူတို့ကို တိုက်မည့်မဟာမိတ် စစ်တပ်ကြီးအကြားတွင် ရှုပ်ထွေးမှုဖြစ်စေခဲ့သည်။ လူသတ်ပွဲသည် အလွန်ကြီးမားသည်ဖြစ်ရာ “တစ်ယောက်မျှမလွတ်” ခဲ့ချေ (၆ရာ ၂ဝး၂၄)။
ယဟာဇေလသည် ထိုအထူးအချိန်အခါအတွက် ဘုရားသခင်၏ သတင်းကို ပြောသူဖြစ်ခဲ့သည်။
ပုရောဖက်တို့သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းအချိန်တို့တွင် မရှိမဖြစ်လိုအပ်သော ကဏ္ဍ၌ ပါဝင်ခဲ့ကြရသည်။ သို့သော် သမ္မာကျမ်းစာအချိန်အဆုံးသတ်သွားချိန်တွင် ပုရောဖက်ပြုခြင်းလုပ်ငန်း ရပ်စဲ သွားပါသလား။ အဖြေကိုရရှိနိုင်ရန်၊ ပုရောဖက်ပြုခြင်းသမိုင်းကြောင်းကို ခြေရာပြန်ကောက်ကြပါစို့။
အခန်း (၁၉) ဘုရားသခင်၏ ပညတ်တော်
ဘုရားသခင့်ပညတ်တရား၏ အရေးကြီးသောအခြေခံမူများကို ပညတ်တော်ဆယ်ပါးတွင် ရုပ်လုံးဖော်ထားပြီး၊ ခရစ်တော်၏အသက်တာတွင်လည်း သာဓကပြ၍ ထင်ရှားစေခဲ့သည်။ ၎င်းအခြေခံ ပညတ်များသည် လူသားတို့၏ ပြုမူဆက်ဆံရေးနှင့် သက်ဆိုင်သော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ လိုအင်ဆန္ဒနှင့် ရည်ရွယ်ချက်များကို ဖော်ပြပြီး၊ ခေတ်ကာလတိုင်းတွင် လူသားတို့ကို တာဝန်ခံစေခဲ့သည်။ ဤပညတ်ချက်များသည် ဘုရားသခင်နှင့်သူ၏လူတို့စပ်ကြား ပဋိညာဉ်တရား၏ အခြေခံဖြစ်၍၊ ဘုရားသခင် ၏စီရင်ဆုံးဖြတ်ချက်ချရာတွင် စံချိန် စံညွှန်းလည်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဆောင်ကြဉ်းပေး မှုဖြင့်၊ ၎င်းတို့သည် အပြစ်ကိုညွှန်ပြပြီး၊ ကယ်တင်ရှင်တစ်ပါးလိုအပ်သည်ကိုသိစေသည်။ ကယ်တင်ခြင်း သည် အကျင့်အားဖြင့်မဟုတ်ဘဲ၊ ကျေးဇူးတော် သက်သက်အားဖြင့်သာဖြစ်ပြီး၊ ၎င်း၏အကျိုးအမြတ်မှာ ပညတ်တော်ဆယ်ပါးကို နာထောင်ခြင်းဖြစ်သည်။ ဤနားထောင်ခြင်းသည် ခရစ်ယာန်စာရိတ္တကို ပွားများ တိုးတက်စေပြီး၊ ကိုယ်စိတ်နှစ်ပါးကို အကျိုးဖြစ်ထွန်းစေသည်။ ၎င်းသည် ထာဝရဘုရားအပေါ် ထားရှိသော ကျွန်ုပ်တို့၏ချစ်ခြင်းနှင့် မိမိတို့လူသားချင်းအပေါ် ကျွန်ုပ်တို့၏ဂရုစိုက်မှုတို့၏ သက်သေခံအထောက်အထား ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် နားထောင်ခြင်းသည် အသက်တာကိုပြောင်းလဲသော ခရစ်တော်၏တန်ခိုးကို ဖော်ပြသောကြောင့်၊ ခရစ်ယာန်သက်သေခံခြင်းကို အင်အားတိုးမြှင့်သေည်။ (ထွက် ၂ဝး၁-၁၇။ တရားဟော ၂၈း၁-၁၄။ ဆာလံ ၁၉း၇-၁၄။ ၄ဝး၇-၈။ မဿဲ ၅း၁၇-၂ဝ။ ၂၂း၃၆-၄၀။ ယောဟန် ၁၄း၁၅။ ၁၅း၇-၁၀။ ရောမ ၈း၃-၄။ ဧဖက် ၂း၈-၁၀။ ဟေဗြဲ ၈း၈-၁၀။ ၁ယော ၂း၃။ ၅း၃။ ဗျာ ၁၂း၁၇။ ၁၄း၁၂။)
အခန်း (၂၀) ဥပုသ်နေ့
သနားခြင်းဂရုဏာနှင့် ပြည့်စုံသော ဖန်ဆင်းရှင်သည် ခြောက်ရက်ပတ်လုံးဖန်ဆင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးနောက် သတ္တမနေ့ရက်တွင် ငြိမ်ဝပ်စွာနေခဲ့သည်။ သူသည် ဥပုသ်နေ့ကိုလူသားအားလုံးအတွက် ဖန်ဆင်းခြင်းအထိမ်းအမှတ်အဖြစ် စတင်ပြဌာန်းခဲ့သည်။ ဘုရားသခင်၏ မပြောင်းလဲနိုင်သော ပညတ်တော်၏ စတုတ္ထပညတ်သည် ဤသတ္တမနေ့ဥပုသ်ကို ငြိမ်ဝပ်ရာနေ့နှင့် ဝတ်ပြုကိုးကွယ်ရာနေ့အဖြစ်၊ ဥပုသ်နေ့၏အရှင်သခင်ဖြစ်သော ယေရှု၏ သွန်သင်ချက်နှင့် ကျင့်သုံးမှုများအတိုင်း စောင့်ထိန်းရန်တောင်းဆို သည်။ ဥပုသ်နေ့သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူသားအချင်းချင်းတို့နှင့်လည်းကောင်း နှစ်သက်ဖွယ် သောပေါင်းသင်းဆက်ဆံရာနေ့ဖြစ်သည်။ ဥပုသ်နေ့သည် ခရစ်တော်၌ ရရှိသောကယ်တင်ခြင်း၏ အထိမ်း အမှတ်၊ ကျွန်ုပ်တို့၏စင်ကြယ်သန့်ရှင်းခြင်းလက္ခဏာ၊ ကျွန်ုပ်တို့၏သစ္စာစောင့်သိခြင်း သင်္ကေတ၊ ဘုရားသခင် ၏ အနာဂတ်ထာဝရနိုင်ငံတော်ကို ကျွန်ုပ်တို့ကြိုတင်ခံစားခြင်းဖြစ်သည်။ ဥပုသ်နေ့သည် ဘုရားသခင်နှင့် သူ၏ လူတို့အကြား ထာဝရပဋိညာဉ်၏ရာသက်ပန်အမှတ်လက္ခဏာဖြစ်သည်။ ဤသန့်ရှင်းသောအချိန်ကို ညဦးအချိန်မှညဦးအချိန်အထိ၊ နေဝင်ချိန်မှ နေဝင်ချိန်အထိ ဝမ်းမြောက်စွာစောင့်ထိန်းခြင်းသည် ဘုရားသခင် ၏ ဖန်ဆင်းခြင်းနှင့် ရွေးနုတ်ခြင်းလုပ်ဆောင်မှုများကို ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ (ကမ္ဘာ ၂း၁-၃။ ထွက် ၂ဝး၈-၁၁။ ၃၁း၁၃-၁၇။ ဝတ် ၂၃း၃၂။ တရားဟော ၅း၁၂-၁၅။ ဟေရှာ ၅၆း၅-၆။ ၅၈း၁၃-၁၄။ ယေဇ ၂ဝး၁၂-၂၀။ မဿဲ ၁၂း၁-၁၂။ မာကု ၁း၃၂။ လုကာ ၄း၁၆။ ဟေဗြဲ ၄း၁-၁၁။)
အာဒံနှင့် ဧဝတို့သည် ဘုရားသခင်နှင့်အတူ သူတို့၏ ပါရဒိအိမ်ကို စူးစမ်းလေ့လာခဲ့ကြသည်။ ရှုခင်း သည် ဖော်ပြသည်ထက်ကျော်လွန်၍၊ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ဖန်ဆင်းခြင်း၏ ဆဌမနေ့ သောကြာနေ့တွင် နေမင်းကြီးသည် ဖြည်းဖြည်းချင်းဝင်သွားပြီး၊ ကြယ်တာယာများလည်း အရောင်အဝါစတင် ထွန်းတောက်လာချိန်တွင် “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင်၊ အလွန်ကောင်း သည်ကို မြင်တော်မူ၏” (ကမ္ဘာ ၁း၃၁)။ ထိုသို့ဖြင့် “ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသော တန်ဆာတို့ သည် ပြီးစီးလျက်ရှိကြ၏” (ကမ္ဘာ ၂း၁)။
ဘုရားသခင်ပြီးစီးစေခဲ့ပြီးသောကမ္ဘာသည် လှချင်တိုင်းလှနေသော်လည်း၊ အသစ်ဖန်ဆင်းသော စုံတွဲအား ဘုရားသခင်ပေးနိုင်သော အကြီးမားဆုံးဆုလာဘ်မှာ သူနှင့်အတူ ကိုယ်တိုင်ရင်းနှီးစွာ ပေါင်းဖော်ခြင်းအခွင့်အရေးပင်ဖြစ်သည်။ ထို့ကြောင့် သူသည်ထိုသူတို့အား အထူးကောင်းချီးပေးသောနေ့၊ မိမိတို့ဖန်ဆင်းရှင်းနှင့် ရင်းနှီးပေါင်းသင်း၍ မိတ်သဟာယဖွဲ့သောနေ့ဖြစ်သည့် ဥပုသ်နေ့ကိုပေးခဲ့သည်။
အခန်း (၂၁) ဘဏ္ဍာစိုးလုပ်ငန်း
ကျွန်ုပ်တို့သည် အချိန်နှင့်အခွင့်အရေးများ၊ စွမ်းရည်များနှင့် ပစ္စည်းဥစ္စာများ၊ မြေကြီး၏ကောင်းချီး များနှင့် ၎င်း၏သယံဇာတများပေးအပ်ခြင်းခံရသည့် ဘုရားသခင်၏ ဘဏ္ဍာစိုးများဖြစ်ကြသည်။ ၎င်းတို့ကို မှန်ကန်စွာအသုံးပြုရန် ကျွန်ုပ်တို့သည် ကိုယ်တော်၌တာဝန်ရှိသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် ကျွန်ုပ်တို့ လူသားချင်းတို့၏အမှုကို သစ္စာရှိရှိထမ်းရွက်ခြင်းအားဖြင့်လည်းကောင်း၊ ဧဝံဂေလိတရားဟောခြင်းနှင့် ကိုယ်တော်၏အသင်းတော်တိုးတက်မှုအတွက် ထောက်ပံ့ရန်အတွက် ဆယ်ဖို့တစ်ဖို့ကိုပြန်ပေး၍ အလှူငွေကို ပေးလှူခြင်းအားဖြင့်လည်းကောင်း ဘုရားသခင်၏ ပိုင်ဆိုင်မှုကို အသိအမှတ်ပြုကြသည်။ ဘဏ္ဍာစိုးလုပ်ငန်း သည် ချစ်ခြင်းမေတ္တာတွင် ပြုစုပျိုးထောင်ရန်နှင့် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် တပ်မက်ခြင်းကိုအောင်နိုင် ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အားပေးသောအခွင့်ထူးဖြစ်သည်။ ဘဏ္ဍာစိုးများသည် မိမိတို့ သစ္စာရှိခြင်း အကျိုးဆက်ကြောင့် သူတစ်ပါးများအပေါ် ကောင်းချီးများသက်ရောက်ခြင်းတွင် ဝမ်းမြောက်ကြသည်။ (ကမ္ဘာ ၁း၂၆-၂၈။ ၂း၁၅။ ၅ရာ ၂၉း၁၄။ ဟဂ္ဂဲ ၁း၃-၁၁။ မာလခိ ၃း၈-၁၂။ မဿဲ ၂၃း၂၃။ ရောမ ၁၅း၂၆-၂၇။ ၁ကော ၉း၉-၁၄။ ၂ကော ၈း၁-၁၅။ ၉း၇။)
ခရစ်ယာန်အသက်တာဖြင့် နေထိုင်ခြင်းသည် လုံးလုံးအပ်နှံခြင်းတည်းဟူသော မိမိတို့ကိုယ်ကိုအပ်နှံ ခြင်းနှင့် ခရစ်တော်အားလက်ခံခြင်းကိုဆိုလိုသည်။ ယေရှုသည်မည်မျှအညံ့ခံ၍၊ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကို မည်မျှအပ်နှံသည်ကို ကျွန်ုပ်တို့မြင်ရသကဲ့သို့၊ ကျွန်ုပ်တို့သည် သူ့အတွက် အကြွင်းမဲ့အပ်နှံရမည်။
သို့သော်လည်း၊ ကျွန်ုပ်တို့သည် လုံးလုံးဆက်ကပ်အပ်နှံမှုပြုသည်ဟု စဉ်းစားသောအခါ ကျွန်ုပ်တို့၏ ဆက်ကပ်ခြင်းသည် မည်မျှပင်မလေးနက်ကြောင်းထင်ရှားလာသည်။ ကျွန်ုပ်တို့၏အသက်တာတွင် ဘုရားသခင်ထံပေးအပ်ရမည့် ကဏ္ဍအသစ်ကိုရှာဖွေတွေ့ရှိချိန်တွင် ကျွန်ုပ်တို့၏ ဆက်ကပ်မှုသည် ကြီးထွား လာသည်။ ထိုအခါ အညင်သာဆုံးဖြင့်၊ သူသည် ကျွန်ုပ်တို့၏အာရုံကို အခြားအပ်နှံရန်လိုသော ကဏ္ဍများသို့ ပြောင်းပေးသည်။ ထိုသို့ဖြင့် ခရစ်ယာန်၏ ပြန်လည်ဆက်ကပ်မှုများသည် တသီတတန်းကြီးဖြစ်လာ၍၊ ကျွန်ုပ်တို့၏ ပြုမူတုံ့ပြန်မှုများဖြစ်သော အသက်တာနေထိုင်မှုပုံစံသည် နက်သည်ထက်နက်ရှိုင်းလာသည်။
ကျွန်ုပ်တို့ဖြစ်သည့်အရာ၊ ရှိသည့်အရာအားလုံးကို ပိုင်ဆိုင်သောဘုရားသခင် (၁ကော ၃း၂၁-၄း၂) ကိုပေးသောအခါ၊ သူသည် လက်ခံပြီးနောက်၊ ၎င်းတို့ကို ကျွန်ုပ်တို့အား ပြန်၍ ထိန်းသိမ်းဖို့ရာပေးအပ်ကာ၊ ကျွန်ုပ်တို့ပိုင်ဆိုင်သမျှကို ယာယီထိန်းသိမ်းသူ သို့မဟုတ် ဘဏ္ဍာစိုးအဖြစ်တာဝန်ပေးသည်။ ဘုရားသခင်၏ ဘဏ္ဍာစိုးများအဖြစ် ကျွန်ုပ်တို့၏တာဝန်ကို လက်ခံခြင်းသည် ကိုယ်ကျိုးကိုသာငဲ့၍ ဇိမ်ကျစွာနေထိုင်လိုစိတ် ကိုဖျက်ဆီးပြီး၊ ဘဏ္ဍာစိုးလုပ်ငန်းတွင် ယေရှုထားခဲ့သည့် ခိုင်မြဲသောပုံနမူနာကို အမှတ်ရစေသည်။ ကျွန်ုပ်တို့ သည် ဘဏ္ဍာစိုးဆိုင်ရာလုပ်ငန်းတာဝန်အလုံးစုံကို သိနိုင်မည်အကြောင်း သူသည် ဆာလောင်ငတ်မွတ်ခြင်း၊ အနေဆင်းရဲခြင်း၊ အဝတ်ဗလာဖြစ်ခြင်းနှင့် နောက်ဆုံးတွင် လက်ဝါးကပ်တိုင်တွင် သေခြင်းတိုင်အောင်ပင် ထိုအရာများကို ခံစားခဲ့သည်။ ထိုဘဏ္ဍာစိုးလုပ်ငန်းတွင် “သင်တို့သည် သွား၍၊ လူမျိုးတကာတို့ကို သွန်သင် လော့” ဟူသော သူ၏စေခိုင်းချက်လည်းပါဝင်သည်။ ထိုတာဝန်တွင် အသင်းတော်၏ လုပ်ငန်းများဖြစ်သော သက်သေခံဝေငှခြင်း၊ သင်ကြားပေးခြင်း၊ ဟောပြောခြင်းနှင့် ရေနှစ်ခြင်းပေးခြင်းပါဝင်ကာ၊ ၎င်းတို့သည် ကျွန်ုပ်တို့အတွက်သာ၍ အဖိုးထိုက်လာသည်။ ကိုယ်တော်ကြောင့်သာ ကျွန်ုပ်တို့သည် သစ္စာရှိသော ဘဏ္ဍာစိုးများ ဖြစ်ရန် ခေါ်ခြင်းကိုခံရကြသည်။
အခန်း (၂၂) ခရစ်ယာန်အပြုအမူ
ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်ရေးနှင့် လူမှုရေးအသက်တာ၏ ကဏ္ဍအားလုံးတွင် ကျမ်းစာ၏ မူများနှင့်အညီ တွေးခေါ်၊ ခံစား၊ ပြုမူသည့် ဘုရားတရားကြည်ညိုသည့်လူများအဖြစ် ခေါ်တော်မူခြင်းခံရသည်။ ဝိညာဉ်တော် သည် ကျွန်ုပ်တို့အထဲတွင် သခင်ဘုရား၏ စာရိတ္တမျိုးကို ပြန်လည်ဖန်ဆင်းရန်အတွက်၊ ကျွန်ုပ်တို့အသက်တာ၌ ခရစ်တော်နှင့်တူသော စင်ကြယ်ခြင်း၊ ကျန်းမာခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ဖြစ်ပွားစေမည့်အရာများ၌သာ ကျွန်ုပ်တို့ပါဝင်ရမည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ ပျော်ရွှင်မှုနှင့် ဖျော်ဖြေရေးများသည် ခရစ်ယာန်အရသာနှင့် တင့်တယ်မှု၏ အမြင့်ဆုံးစံချိန်စံညွှန်းနှင့် ကိုက်ညီရမည်။ ယဉ်ကျေးမှုဆိုင်ရာခြားနားမှုများကို အသိအမှတ်ပြု လျက်၊ ကျွန်ုပ်တို့ ဝတ်စားဆင်ယင်မှုသည် ရိုးစင်း၊ ယဉ်ကျေး၊ သပ်ရပ်သည်။ သူတို့၏စစ်မှန်သော တင့်တယ်မှုသည် အပြင်ပန်းဆင်ယင်မှုမပါဘဲ၊ မပျက်စီးနိုင်သော နူးညံ့သိမ်မွေ့သော တင့်တယ်မှုသည် စိတ်သဘောဖြင့် ဆင်ယင်ခြင်း၌ သင့်လျော်မှုရှိသည်။ ၎င်းပြင် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် သန့်ရှင်းသော ဝိညဉ်တော်၏ဗိမာန်တော် ဖြစ်သောကြောင့်၊ အသိဉာဏ်ရှိရှိ စောင့်ရှောက်ပြုစုရမည်ဟုလည်း ဆိုလိုသည်။ လုံလောက်သောကာယလေ့ကျင့်ခန်းနှင့် အနားယူခြင်းတို့နှင့်အတူ ကျွန်ုပ်တို့သည် ရနိုင်သည့်ကျန်းမာရေးနှင့် အညီညွတ်ဆုံးသော အစားအစာကိုရွေးချယ်ရန်ဖြစ်ပြီး၊ သမ္မာကျမ်းစာတွင်ဖော်ပြသည့် မသန့်ရှင်းသောအစား အစာကိုလည်းရှောင်ကြဉ်ရမည်။ သေရည်သေရက်ပါဝင်သော အဖျော်ယမကာများ၊ ဆေးရွက်ကြီး ၊ ဆေးဝါး များနှင့် မူးယစ်ဆေးများကို တာဝန်မဲ့စွာသုံးစွဲခြင်းတို့သည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအတွက် အန္တရာယ်ရှိသော ကြောင့် ထိုအရာများကိုလည်း ကြဉ်ရှောင်ရမည်။ ထို့အစား၊ ကျွန်ုပ်တို့၏ကျန်းမာပျော်ရွှင်မှုနှင့် ကောင်းစား ခြင်းကိုလိုလားသော ခရစ်တော်၏ စည်းကမ်းဘောင်အတွင်းသို့ ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် ကိုယ်ခန္ဓာကို ရောက်စေနိုင်သော မည်သည့်အရာတွင်မဆို ကျွန်ုပ်တို့သည် ပါဝင်ရမည်။ (ကမ္ဘာ ၇:၂။ ထွက် ၂ဝး၁၅။ ဝတ် ၁၁း၁-၄၇။ ဆာလံ ၁၀၆း၃။ ရောမ ၁၂း၁-၂။ ၁ကော ၆း၁၉-၂၀။ ၁ဝး၃၁။ ၂ကော ၆း၁၄၊ ၇:၁။ ၁ဝး၅။ ဧဖက် ၅း၁-၂၁။ ဖိလိပ္ပိ ၂း၄။ ၄း၈။ ၁တိ ၂း၉-၁၀။ တိတု ၂း၁၁-၁၂။ ၁ပေ ၃း၁-၄။ ၁ယော ၂း၆။ ၃ယော ၂။)
ခရစ်ယာန် အပြုအမူဟုဆိုသော ဘုရားသခင့်နောက်လိုက်၏ နေပုံထိုင်ပုံသည် ခရစ်တော်အားဖြင့် ဘုရားသခင်၏ ကြီးမားသော ကယ်တင်ခြင်းကို ကျေးဇူးဖြင့် တုံ့ပြန်ရာမှပေါ်လာသည်။ ပေါလုသည် ခရစ်ယာန်အားလုံးကို ဤသို့မေတ္တာရပ်ခံသည်။ “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်း လက္ခာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိ ကိုယ်ခန္ဓာကို ဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ကရုဏာတော်ကိုထောက်ထား၍၊ သင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏။ သင်တို့သည် လောကီ ပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူ သော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံး ကိုအသစ်ပြုပြင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” (ရောမ ၁၂း၁-၂။ ထို့ကြောင့် ခရစ်ယာန်တို့ သည် သူတို့၏ ဖန်ဆင်းရှင်နှင့် ရွေးနုတ်ရှင်ကိုဂုဏ်ပြုနိုင်မည်အကြောင်း သူတို့၏စိတ်၊ ခန္ဓာနှင့်ဝိညာဉ်ရေး အစွမ်းများကို လိုလိုလားလားကာကွယ်တိုးတက်စေကြသည်။
ခရစ်တော်သည် “ဤသူတို့ကို ဤလောကမှနုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည် မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည်အကြောင်းသာ တောင်းပါ၏။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ” ရန် ဆုတောင်းခဲ့သည် (ယောဟန် ၁၇:၁၅-၁၆)။ ခရစ်ယာန်တစ်ဦးသည် လောက၌နေရင်း၊ လောကနှင့်မည်သို့ ကင်းကွာနိုင်မည်နည်း။ ခရစ်ယာန်နေပုံထိုင်ပုံသည် လောကီသားတို့၏ လူနေမှုပုံစံနှင့် မည်ကဲ့သို့ခြားနားရ မည်နည်း။
ခရစ်ယာန်များသည် ကွဲပြားခြားနားရန်အတွက် သက်သက်မဟုတ်ဘဲ၊ ဘုရားသခင်သည် သူတို့ကို အခြေခံစည်းမျဉ်းများအတိုင်းနေထိုင်ရန် ခေါ်သောကြောင့် ခြားနားသောနေထိုင်မှုပုံစံကို လက်ခံရမည်။ ဘုရားသခင်သည် သူတို့ကိုရောက်ရှိစေလိုသည့် အမြင့်မားဆုံးသောဖြစ်နိုင်ခြေအတိုင်း နေထိုင်မှုပုံစံသည် သူ၏အမှုတော်တွင် သူတို့ကိုထိရောက်စေသည်။ ကွဲပြားခြားနားခြင်းသည် သူတို့၏သာသနာလုပ်ငန်းတည်း ဟူသောလောက၏ဆားနှင့် အလင်းဖြစ်ခြင်းတို့ကို တိုးတက်စေသည်။ ဆားသည်အရသာကင်းမဲ့၍၊ အလင်းသည် မှောင်မိုက်နှင့်မခြားနားလျှင် မည်သည့်တန်ဖိုးရှိသနည်း။
ခရစ်တော်သည် ကျွန်ုပ်တို့၏ စံနမူနာဖြစ်သည်။ သူသည် “စားကြူးသောသူ၊ စပျစ်ရည်သောက်ကြူး သောသူ” (မဿဲ ၁၁း၁၉) ဟူ၍ သူ့ကိုစွပ်စွဲသောသူများနေထိုင်ရာလောကတွင် သူသည် မခြွင်းမချန်နေထိုင်ခဲ့ သော်လည်း၊ သူသည် ထိုသို့မဟုတ်ခဲ့ပါ။ သူသည် ဘုရားသခင်၏ စည်းမျဉ်းများအတိုင်း ကိုက်ညီစွာနေထိုင် ခဲ့သောကြောင့်၊ သူသည် အပြစ်ရှိသည်ဟု မည်သူကမျှ သက်သေမပြနိုင်ခဲ့ချေ။ (ယောဟန် ၈း၄၆)။
အခန်း (၂၃) လက်ထပ်ခြင်းနှင့်မိသားစု
လက်ထပ်ခြင်းကို ဧဒင်ဥယျာဉ်တွင် ဘုရားရှင်သည် ထူထောင်ခဲ့ပြီး၊ ကြင်နာသောပေါင်းဖော်ခြင်း၌ ယောကျ်ားတစ်ဦးနှင့် မိန်းမတစ်ဦးအကြား၊ ဘဝတစ်လျှောက်ပေါင်းသင်းနေထိုင်ရန် ယေရှုအားဖြင့် အတည်ပြုခဲ့သည်။ ခရစ်ယာန်များအတွက် လက်ထပ်ခြင်းသည် ဘုရားနှင့်သာမက အိမ်ထောင်ဖက်နှင့် ကတိ ကဝတ်ပြုခြင်းဖြစ်ပြီး ယုံကြည်ခြင်းတူသော ယောကျ်ားတစ်ဦးနှင့် မိန်းမတစ်ဦးအကြား၌သာ ပြုရသည့်ကတိ ဖြစ်သည်။ အပြန်အလှန်ချစ်ခြင်း၊ ဂုဏ်ပြခြင်း၊ လေးစားခြင်းနှင့် တာဝန်ယူခြင်းတို့သည် ဤဆက်ဆံရေး၏ အဆောက်အအုံဖြစ်၍၊ ခရစ်တော်နှင့်သူ၏အသင်းတော်အကြားချစ်ခြင်း၊ မွန်မြတ်သန့်ရှင်းခြင်း၊ ရင်းနှီးခြင်း နှင့် ဆက်ဆံရေးတို့ကိုရောင်ပြန်ဟပ်ရန်ဖြစ်သည်။ လင်မယားကွာရှင်းခြင်းနှင့် စပ်လျဉ်း၍ မှားယွင်းခြင်းမှ တစ်ပါး ခင်ပွန်းသည်ကိုကွာရှင်းပြီး အခြားတစ်ယောက်ကို လက်ထပ်သောသူသည် အိမ်ထောင်ရေးဖောက် ပြန်သူဖြစ်သည်ဟု ယေရှုသွန်သင်ခဲ့သည်။ အချို့သောမိသားစုဆက်ဆံရေးသည် စံချိန်စံညွှန်းထက်လျော့နည်း နိုင်သော်လည်း၊ လက်ထပ်ခြင်းအားဖြင့် ခရစ်တော်၌ တစ်ဦးကိုတစ်ဦး မိမိတို့ကိုယ်ကိုလုံးလုံးအပ်နှံသော လင်မယားတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုနှင့် အသင်းတော်၏ပြုစုပျိုးထောင်ခြင်းတို့အား ဖြင့် ချစ်ခင်စုံမက်ဖွယ်ပေါင်းစည်းမှုကိုရရှိနိုင်ကြသည်။ ဘုရားသခင်သည် မိသားစုကိုကောင်းချီးပေး၍၊ မိသားစုဝင်များသည် ပြည့်စုံရင်ကျက်မှုဘဝသို့ရောက်ရှိနိုင်ကြရန်အတွက် အချင်းချင်းကူညီကြရန်ရည်ရွယ် သည်။ မိသားစုရင်းနှီးမှုတိုးပွားခြင်းသည် နောက်ဆုံးဧဝံဂေလိတရား၏ လျာထားချက်တစ်ခုဖြစ်သည်။ မိဘများသည် သားသမီးများအား ဘုရားသခင်ကိုချစ်၍၊ နာခံရန်ပြုစုပျိုးထောင်ရမည်။ သူတို့၏စံနမူနာနှင့် စကားများအားဖြင့်၊ သူတို့သည် သားသမီးများအား ခရစ်တော်သည် ချစ်ခင်ကြင်နာ ပြုစုသောလမ်းပြဖြစ် ကြောင်းနှင့် သူ၏ကိုယ်ခန္ဓာတည်းဟူသော လူလွတ်နှင့် အိမ်ထောင်သည်တို့အကျုံးဝင်သော ဘုရားသခင်၏ မိသားစုတွင် သူတို့ကိုကိုလည်း မိသားစုဝင်ဖြစ်စေလိုကြောင်းသွန်သင်ရမည်။ (ကမ္ဘာ ၂း၁၈-၂၅။ ထွက် ၂ဝး၁၂။ တရားဟော ၆း၅-၉။ သုတ္တံ ၂၂း၆။ မာလ ၄း၅-၆။ မဿဲ ၅း၃၁-၂၁။ ၁၉း၃-၉၊ ၁၂။ မာကု ၁ဝး၁၁၊ ၁၂။ ယောဟန် ၂း၁-၁၁။ ၁ကော ၇:၇၊ ၁၀၊ ၁၁။ ၂ကော ၆း၁၄။ ဧဖက် ၅း၂၁-၃၃။ ၆း၁-၄။
အိမ်ထောင်သည်တို့တွင် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို နဂိုအတိုင်းပြန်ဖြစ်လာစေရန် အဓိကအုတ်မြစ် ဖြစ်သည်။ မိသားစုအတွင်း ဖခင်၊ မိခင်နှင့် သားသမီးတို့သည် သက်ဆိုင်မှု၊ ချစ်ခြင်းနှင့် ရင်းနှီးမှုတို့အတွက် အချင်းချင်း၏လိုအပ်ချက်ကိုဖြည့်ဆည်းရန် မိမိတို့ကိုယ်ကို အပြည့်အဝ သိမြင်စေနိုင်ကြသည်။ မိမိ မိသားစု ထဲတွင် ကိုယ်ပိုင်လက္ခဏာကိုတည်ဆောက်ကြပြီး၊ ကိုယ်ပိုင်တန်ဖိုးကို တိုးတက်စေကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အိမ်ထောင်သည် စစ်မှန်သော ခရစ်ယာန်ဘာသာ၏ စည်းမျဉ်းများကို ကျင့်သုံးသော နေရာ၊ ၎င်း၏တန်ဖိုးကို မျိုးဆက်တစ်ခုပြီးတစ်ခုပေးပို့သော နေရာလည်းဖြစ်သည်။
မိသားစုသည် အလွန်ပျော်ရွှင်ဖွယ်နေရာဖြစ်နိုင်သည်။ ၎င်းသည် ကြောက်မက်ဖွယ်နာကျင်မှုဖြစ်ပွား ရာနေရာလည်းဖြစ်နိုင်သည်။ သင့်မြတ်သော မိသားစုအသက်တာသည် ခရစ်ယာန်ဘာသာ၏ စည်းမျဉ်းများ အတိုင်းနေထိုင်မှုကိုပြသပြီး၊ ဘုရားသခင်၏ စာရိတ္တတော်ကို ဖော်ပြသည်။ ဤလက္ခဏာများ ခေတ်သစ်အိမ် ထောင်များတွင် အလွန်ရှားပါးနေခြင်းမှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ ထို့အစား၊ များစါာသောမိသားစုများသည် ရန်ဖြစ်ခြင်း၊ ပုန်ကန်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ မရိုးသားမှု၊ ရက်စက်မှုပင်ဖြစ်သော ကိုယ်ကျိုးဖက်သည့် လူ့စိတ် နှလုံးနှင့်အတွေးများကိုဖော်ပြနေကြသည်။ ဤလက္ခဏာများသည် ဘုရားသခင်၏ မူလအစီအစဉ်ကို ဖီဆန် သည်။ ယေရှုက “အစအဦး၌ ထိုသို့မဟုတ်” (မဿဲ ၁၉း၈) ဟု ဆိုခဲ့သည်။
အခန်း (၂၄) ကောင်းကင်သန့်ရှင်းရာဌာနထဲက ခရစ်တော်၏အမှုတော်
ကောင်းကင်နိုင်ငံတွင်လူမဆောက်ဘဲ၊ ထာဝရဘုရားဆောက်သောတဲတော်စစ်တည်းဟူသော သန့်ရှင်းရာဌာနတစ်ခုရှိသည်။ ထိုနေရာတွင် ခရစ်တော်သည် ကျွန်ုပ်တို့၏ကိုယ်စား အမှုတော်ကို ဆောင်ရွက် ပြီး၊ လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများအားလုံးအတွက် တစ်ကြိမ်တည်းအပြစ်ဖြေရာယဇ်၏ အကျိုးကျေးဇူးများကို ယုံကြည်သူတို့အား ရရှိနိုင်စေသည်။ ကောင်းကင်သို့တက်ကြွချိန်တွင် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်ခြင်းကိုခံရ၍ မြေကြီးပေါ်ရှိ သန့်ရှင်းရာဌာနတွင် ယဇ်ပုရောဟိတ်မင်း၏ လုပ်ငန်းက ပုံဆောင်သောသူ၏ကြားဖျန်ဖြေခြင်းလုပ်ငန်းကို စတင်ခဲ့သည်။ ရက်ပေါင်း (၂၃၀၀) ၏ အနာဂတ္တိ ကာလ၏အဆုံးဖြစ်သော (၁၈၄၄ ခုနှစ်) တွင်၊ သူ၏အပြစ်ဖြေခြင်းလုပ်ငန်း၏ ဒုတိယနှင့် နောက်ဆုံးကဏ္ဍကို စတင်ခဲ့သည်။ ထိုအမှုတော်ကို မြေကြီးပေါ်ရှိ အသန့်ရှင်းဆုံးဌာနတွင် ယဇ်ပုရောဟိတ်မင်း၏ အလုပ်ကပုံ ဆောင်သည်။ ၎င်းသည်အပြစ်အားလုံးကို နောက်ဆုံးဖယ်ရှားပစ်ခြင်း၏ အစိတ်အပိုင်းဖြစ်သည့် စုံစမ်းစစ် ဆေးသောတရားစီရင်ခြင်းဖြစ်၍၊ ၎င်းကိုအပြစ်ဖြေရာနေ့တွင် ရှေးဟေဗြဲတို့၏ သန့်ရှင်းရာဌာနကို သန့်ရှင်း စင်ကြယ်စေခြင်းဖြင့်လည်း ကိုယ်စားပြုခဲ့သည်။ ထိုပုံဆောင်မှုလုပ်ငန်းတွင် သန့်ရှင်းရာဌာနကို ယဇ်ကောင်၏ အသွေးဖြင့်သန့်စင်စေရပြီး၊ သို့သော် ကောင်းကင်နှင့်ဆိုင်သောအရာများကိုမူ ယေရှု၏ ပြီးပြည့်စုံသော အသွေးဖြင့် စင်ကြယ်စေသည်။ စုံစမ်းစစ်ဆေးသောတရားစီရင်ခြင်းသည် ကောင်းကင်သားတို့အား ကွယ်လွန်သောသူတို့တွင် မည်သူများသည် ခရစ်တော်၌အိပ်ပျော်၍ ပထမရှင်ပြန်ထမြောက်ခြင်းနှင့် ထိုက်တန်သောသူဖြစ်သည်ကို ဖော်ပြပေးသည်။ ၎င်းပြင် အသက်ရှင်သောသူတို့တွင်လည်း ခရစ်တော်၌ တည်၍ ကိုယ်တော်၌ ဘုရားသခင်၏ ပညတ်ချက်များနှင့် ယေရှု၏ ယုံကြည်ခြင်းကိုစောင့်ရှောက်သော ကြောင့် ထာဝရနိုင်ငံငံထဲသို့ ယူဆောင်ခြင်းကိုခံရရန် အဆင်သင့်ရှိစေသောသူတို့ကိုလည်း ပေါ်လွင်စေလိမ့် မည်။ ဤတရားစီရင်ခြင်းသည် ယေရှုကို ယုံကြည်သောသူတို့အား ကယ်တင်ရာတွင် ဘုရားသခင်၏ တရားမျှတမှုကို သက်သေထူလျက်ရှိသည်။ ၎င်းသည် ဘုရားသခင်ဘက်၌ သစ္စာရှိလျက် ကျန်ခဲ့သောသူတို့သည် နိုင်ငံတော်ကို ဝင်စားမည်ဖြစ်ကြောင်းကို ကြေညာသည်။ ဤခရစ်တော်၏ ယဇ်ပုရောဟိတ်လုပ်ငန်းပြီးဆုံးခြင်းကို ခရစ်တော်ဒုတိယအကြိမ်မကြွလာမီ လူသားများအတွက် ကရုဏာ အချိန်ကုန်ဆုံးခြင်းက ပြသလိမ့်မည်။ (ဝတ် ၁၆။ တော ၁၄း၃၄။ ယေဇ ၄း၆။ ဒံ ၇:၉-၂၇။ ၈း၁၃-၁၄။ ၉း၂၄-၂၇။ ဟေဗြဲ ၁း၃။ ၂း၁၆-၁၇။ ၄း၁၄-၁၆။ ၈း၁-၅။ ၉း၁၁-၂၈။ ၁ဝး၁၉-၂၂။ ဗျာ ၈း၃-၅။ ၁၁း၁၉။ ၁၄း၆-၇။ ၂ဝး၁၂။ ၁၄း၁၂။ ၂၂း၁၁-၁၂။)
အခန်း (၂၅) ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း
ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းသည် အသင်းတော်၏ မင်္ဂလာရှိသော မျှော်လင့်ခြင်း၊ ဧဝံဂေလိတရား၏ ကြီးကျယ်ခမ်းနားသော အထွတ်အထိပ်ဖြစ်သည်။ ကယ်တင်ရှင်၏ ကြွလာခြင်းသည် အရှိ အတိုင်းကိုယ်တိုင်ကိုယ်ကျဖြစ်၍ တစ်ကမ္ဘာလုံးမြင်နိုင်လိမ့်မည်။ ကိုယ်တော်ကြွလာသောအခါ သေလွန်သောဖြောင့်မတ်သူတို့သည် ရှင်ပြန်ထမြောက်ပြီး၊ အသက်ရှင်သောဖြောင့်မတ်သူတို့နှင့်အတူ ဘုန်းတော်ဝင်စား၍ ကောင်းကင်သို့ချီဆောင်ခြင်းခံရမည်။ သို့သော်၊ မဖြောင့်မတ်သောသူတို့သည် သေကြလိမ့်မည်။ အနာဂတ္တိစကားအများစု ပြည့်စုံလုနီးပါးရှိခြင်းနှင့် လက်ရှိကမ္ဘာ့အခြေအနေတို့သည် ခရစ်တော်ကြွလာချိန်နီးကြောင်းကို ညွှန်ပြသည်။ ထိုအချိန်ကာလကို မဖော်ပြသောကြောာင့်၊ ကျွန်ုပ်တို့အား အမြဲတမ်းအဆင်သင့်ရှိနေရန် အလေးအနက်တိုက်တွန်းထားသည်။ (မဿဲ ၂၄။ မာကု ၁၃။ လုကာ ၂၁။ ယောဟန် ၁၄း၁-၃။ တမန် ၁း၉-၁၁။ ၁ကော ၁၅း၅၁-၅၄။ ၁သက် ၄း၁၃-၁၈။ ၅း၁-၆။ ၂သက် ၁း၇-၁၀။ ၂း၈။ ၂တိ ၃း၁-၅။ တိတု ၂း၁၃။ ဟေဗြဲ ၉း၂၈။ ဗျာ ၁း၇။ ၁၄း၁၄-၂၀။ ၁၉း၁၁-၂၁)။
အိပ်ယာဝင်ချိန်တွင် ကလေးငယ်သည် “မေမေ၊ မီးမီးလေး၊ မီးမီးရဲ့သူငယ်ချင်းယေရှုကို အရမ်းသတိ ရတာပဲ။ သူဘယ်တော့ပြန်လာမှာလဲဟင်” ဟူ၍ ရင်ထဲကစကားကိုဆိုခဲ့သည်။
ဤကလေးသည် သူမ၏ရင်ထဲကတောင့်တမှုမှာ ခေတ်ကာလအဆက်ဆက်တောင့်တသောအရာဖြစ် သည်ကို သိနိုင်မည်မဟုတ်ချေ။ သမ္မာကျမ်းစာ၏ နောက်ဆုံးစကားသည် မကြာမီပြန်ကြွလာမည့် ကတိကို ပေးသည်။ “ငါသည် အလျင်အမြန်လာမည် မှန်ပေ၏” ခရစ်တော်၏ သစ္စာရှိသောမိတ်ဆွေ၊ ဗျာဒိတ်ကျမ်းရေး သားသူ ယောဟန်က၊ “အာမင်၊ သခင်ယေရှုကြွလာတော်မူပါ” ဟု ပြန်ဖြေခဲ့သည် (ဗျာ ၂၂း၂၀)။
ယေရှုကိုတွေ့မြင်ရမည်။ ကျွန်ုပ်တို့စိတ်ကူးနိုင်သည်ထက် ကျွန်ုပ်တို့ကိုချစ်သောသူနှင့် အစဉ်နေရ မည်။ လောကီဝေဒနာအားလုံး၏ အဆုံးသတ်ကိုမြင်တွေ့ရမည်။ ယခုအိပ်ပျော်၍၊ ရှင်ပြန်ထမြောက်မည့် ချစ်ရသူများနှင့် အမြဲတမ်းပျော်ရွှင်ရမည်။ ဤအရာများကြောင့် ခရစ်တော်၏မိတ်ဆွေတို့သည် ထိုနေ့ရက်ကိုစောင့်စားကြသည်မှာ အံ့အားသင့်စရာမဟုတ်ပါတကား။
သမ္မာကျမ်းစာက ယေရှုသည် ဒုတိယအကြိမ်ကြွလာမည်ဟု ရှင်းရှင်းဖော်ပြသော်လည်း သူကြွလာ မည့်နေ့ရက်သည် သန့်ရှင်းသူများအတွက်ပင် အလွန်အံ့ဩစေလိမ့်မည်။ “အကြောင်းမူကား၊ သင်တို့မထင် မမှတ်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်” (မဿဲ ၂၄း၄၄)။ ကမ္ဘာ့ရာဇဝင်၏ “သန်းခေါင်ယံ” အချိန်တွင် ဘုရားသခင်သည် သူ၏လူတို့ကိုကယ်နုတ်ရန် သူ၏တန်ခိုးကို ထင်ရှားစေလိမ့်မည်။ သမ္မာကျမ်း စာက ဤဖြစ်ရပ်ကိုဖော်ပြသည်။ “ပြီးပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော်၌ရှိသော ပလ္လင်တော်ထဲကထွက်၏။” ဤအသံသည် မြေကြီးကိုလှုပ်စေ၍၊ “မြေကြီးအပေါ်မှာ လူဖြစ်သည့်ကာလမှ စ၍ထိုသို့သောလက္ခဏာနှင့် ထိုမျှလောက်ပြင်းထန်စွာသောမြေလှုပ်ခြင်းသည် မဖြစ်စဖူး” (ဗျာ ၁၆း၁၇-၁၈)။ တောင်များသည် တုန်လှုပ်၍၊ ကျောက်တုံးများသည် နေရာအနှံ့ပြန့်ကျဲလျက်ရှိကာ မြေကြီးသည် ပင်လယ်လှိုင်းလ့ုးကဲ့သို့ ကြွတက်လျက်ရှိ၏။ မြေလွှာသည် ကွဲ၍ “လူအမျိုးမျိုးနေသောမြို့တို့သည် ပြိုလဲ ကြ၏။ ….. ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏” (ဗျာ ၁၆း၁၉-၂၀)။ မိုးကောင်းကင်သည် စာလိပ်ကဲ့သို့လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏” (ဗျာ ၆း၁၄)။
ကမ္ဘာပေါ်တွင် ဖရိုဖရဲဖြစ်နေလင့်ကစား၊ ဘုရားသခင်၏လူတို့သည် “လူသား၏နိမိတ်လက္ခဏာ” (မဿဲ ၂၄း၃၀) ကိုမြင်ရသောအခါ၊ ခွန်အားယူကြသည်။ သူသည် ကောင်းကင်မိုးတိမ်ကိုစီး၍ ကြွလာသောအခါ၊ လူတိုင်းသည် အသက်၏အရှင်သခင်ကိုမြင်ရမည်။ ဤအချိန်တွင်၊ သူသည် ဝေဒနာခံရသော လူသားအဖြစ်မဟုတ်တော့ဘဲ၊ မိမိလူတို့ကို အရယူရန် အောင်နိုင်သောသူကဲ့သို့ ကြွလာမည်။ ဆူးရစ်သရဖူနေရာတွင် ဘုန်းတော်သရဖူကိုဆောင်း၍၊ “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏ သခင်ဟု ဘွဲ့နာမတော် သည် အဝတ်တော်၌လည်းကောင်း၊ ပေါင်တော်၌လည်းကောင်း ရေးထားလျက်ရှိ၏” (ဗျာ ၁၉း၁၂-၁၆)။
ကိုယ်တော်ကြွလာချိန်တွင် ယေရှုကို ကယ်တင်ရှင်နှင့် သခင်အဖြစ်အသိအမှတ်ပြုရန်ငြင်းဆန်သော သူများနှင့် သူ၏ ပညတ်တော်ကိုအသက်တာတွင် မကျင့်သုံးသူများတို့ကို ကြီးမားသော စိတ်ပျက်မှုက ဖမ်းစား လိမ့်မည်။ သူ၏ ကျေးဇူးတော်ကို ငြင်းဆန်သော သူတို့သည် “သင်တို့လိုက်သောလမ်းဆိုးမှ လွှဲကြလော့။ လွဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း” (ယေဇကျေလ ၃၃း၁၁) ဟူ၍ စိတ်ရှည်စွာ အသနားခံ ခြင်းကို ငြင်းပယ်သောသူတို့၏ အပြစ်ကို ကောင်းစွာသိကြသည်။ “လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသူမှစ၍ ကွန်များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌လည်းကောင်း၊ တောင်ပေါ် မှာရှိသောကျောက်များ၌လည်းကောင်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကိုခေါ်လျက် ငါတို့အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော်ထင်ရှားသောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏” (ဗျာ ၆း၁၅-၁၇)။
သို့သော် ကိုယ်တော်ကို ကြာရှည်စွာမျှော်လင့်နေခဲ့သောသူတို့၏ ဝမ်းမြောက်ခြင်းသည် ဆိုးယုတ်သော သူတို့၏ စိတ်ပျက်ခြင်းကို လွှမ်းမိုးလျက်ရှိသည်။ ရွေးနုတ်ရှင်၏ ကြွလာခြင်းသည် ဘုရားသခင့်လူတို့၏ ရာဇဝင်ကို ကြီးကျယ်သောအထွတ်အထိပ်သို့ ပို့ဆောင်ပေးသည်။ ဤအချိန်သည် သူတို့ကို ကယ်နုတ်သောအခါသမယဖြစ်သည်။ သူတို့သည် ပီတိအပြည့်ဖြင့် “ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော ငါတို့၏ ဘုရားသခင်တည်း။ ငါတို့ကိုကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့ မျှော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်း ကြကုန်အ့့” (ဟေရှာယ ၂၅း၉) ဟုကြွေးကြော်ကြသည်။
ယေရှုသည် နီးကပ်လာသောအခါ သင်္ချိုင်း၌ အိပ်ပျော်သောသူတို့ကိုခေါ်ပြီး “ရွေးချယ်တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ၍စုရုံး” (မဿဲ ၂၄း၃၁) ရန်၊ သူ၏ ကောင်းကင်တမန်များကိုစေခိုင်းသည်။ ကမ္ဘာတစ်ဝန်းမှ သေလွန်သောဖြောင့်မတ်သူတို့သည် သူ၏အသံကို ကြား၍၊ မိမိတို့သင်္ချိုင်းများမှ ထမြောက်ကြသည်။ ပျော်ရွှင်ဖွယ်အခိုက်အတန့်ပါတကား။
ထိုနောက် အသက်ရှင်သောဖြောင့်မတ်သူတို့သည် “တစ်ခဏချင်းတွင် မျက်စိတမှိတ်၌” (၁ကော ၁၅း၅၂) ပြောင်းလဲကြသည်။ မသေနိုင်သောအဖြစ်သို့ ဘုန်းတော်ဝင်စား၍၊ ရှင်ပြန်ထမြောက်သော ဖြောင့်မတ်သူများတို့နှင့်အတူ သူတို့၏ အရှင်သခင်ကို ကောင်းကင်၌တွေ့ဆုံရန် ချီဆောင်ခြင်းခံရကာ၊ သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည် (၁သက် ၄း၁၆-၁၇)။
အခန်း (၂၆) သေခြင်းနှင့်ထမြောက်ခြင်း
အပြစ်၏အခကားသေခြင်းပေတည်း။ သို့ရာတွင် မသေနိုင်သည့်တစ်ပါးတည်းသော ဘုရားသခင် သည် သူရွေးနုတ်သောသူတို့အား ထာဝရအသက်ကိုပေးလိမ့်မည်။ ထိုနေ့ရက်အချိန်တိုင်အောင် သေခြင်းသည် လူအားလုံးအတွက် သတိမေ့မြောနေသောအဖြစ်၌ရှိနေသည်။ ကျွန်ုပ်တို့၏ အသက်တည်းဟူ သော ခရစ်တော်ပေါ်ထွန်းလာသောအခါ ထမြောက်သောဖြောင့်မတ်သူများနှင့် အသက်ရှင်သောဖြောင့်မတ် သူတို့သည် ဘုန်းတော်ဝင်စား၍၊ မိမိတို့ရှင်သခင်နှင့်တွေ့ဆုံရန် ချီဆောင်ခြင်းခံရကြလိမ့်မည်။ ဒုတိယထ မြောက်ခြင်းတည်းဟူသော မဖြောင့်မတ်သူတို့၏ ထမြောက်ခြင်းသည် နှစ်ပေါင်း (၁,၀၀၀) ကြာပြီးမှ ဖြစ်လာ လိမ့်မည်။ (ယောဘ ၁၉း၂၅-၁၇။ ဆာလံ ၁၄၆း၃-၄။ ဒေသနာ ၉း၅၊၆၊၁၀။ ဟေရှာယ ၂၅း၈။ ဒံ ၁၂း၂၊၁၃။ ယောဟန် ၅း၂၈-၂၉။ ၁၁း၁၁-၁၄။ ရောမ ၆း၂၃။ ၁ကော ၁၅း၅၁-၅၄။ ကောလောသဲ ၃း၄။ ၁သက် ၄း၁၃-၁၇။ ၁တိ ၆း၁၅။ ဗျာ ၂ဝး၁-၁၀)။
ဖိလိတ္တိစစ်တပ်သည် ရှုနင်မြို့မှာ တပ်ချ၍၊ ဣသရေလတို့ကိုတိုက်ခိုက်ရန် အဆင်သင့်ပြင်ထား သည်။ အကြောင်းမြင်စိတ်မရှိဘဲလျက် ရှင်ဘုရင်ရှောလုသည် ဣသရေလစစ်တပ်ကို ဂိလဗောမြို့တွင် တပ်ချ ထားသည်။ လွန်ခဲ့သောအချိန်တွင် ဘုရားသခင်ပါရှိကြောင်း အာမခံချက်ကို ရရှိလျက် ရှောလုမင်းသည် ရန်သူများကို တိုက်ရန် မကြောက်မရွံ့ဘဲ ဣသရေလတို့ကို ဦးဆောင်ခဲ့သည်။ သို့သော်၊ ရှောလုမင်းသည် ဘုရားသခင်၏အမှုတော်ထမ်းခြင်းမှ လွဲသွားခဲ့ပြီးဖြစ်၍၊ ဖောက်ပြန်သောရှင်ဘုရင်သည် တိုက်အံ့သောစစ်ပွဲ ၏ရလဒ်အကြောင်းမေးရန် ဘုရားသခင်ကို ကြိုးစားဆက်သွယ်ခဲ့သော်လည်း၊ ဘုရားသခင်သည် သူနှင့်အဆက်အသွယ်ပြုခြင်းကို ငြင်းဆန်ခဲ့သည်။
မသိနိုင်သောနောက်တစ်နေ့အတွက် ရှောလုမင်းသည် အလွန်ကြောက်ရွံ့နေခဲ့သည်။ ရှမွေလကို အလွန်တောင့်တနေသည်။ ရှမွေလသည် သေပြီးဖြစ်၍၊ သူ့ကိုအကြံမပြုနိုင်တော့ချေ။ သို့တည်းမဟုတ် အကြံ ပြုနိုင်ပါဦးမည်လော။
“နတ်ဝင်သည်ကိုမေးလျှင် ကောင်းမည်လော” ဟူ၍ရှောလုမင်းသည် သူ့ကိုယ်သူပြောခဲ့သည်။ အစောပိုင်းရှောလုမင်းသည် ဘုရားသခင်နှင့် နီးကပ်ချိန်က၊ သူသည် ဣသရေလလူတို့ကို မှော်အတတ်နှင့် စုန်းကဝေအတတ်ဝေးကွာစေရန် ကြိုးပမ်းသည့်အနေဖြင့် ဣသရေလနိုင်ငံထဲမှ နတ်ဝင်သည်အားလုံးကို မောင်းထုတ်ခဲ့သည်။
ယခုတွင်မူ ထိုရှောလုမင်းသည် ဖြစ်အံ့သောစစ်ပွဲ၏ ကြမ္မာအကြောင်းမေးမြန်းနိုင်မည့် နတ်ဝင်သည် ကိုရှာရန်ကြိုးစားနေသည်။ သူသည် နတ်ဝင်သည်မိန်းမတစ်ဦးကို အင်္ဒေါရမြို့တွင် ရှာတွေ့ခဲ့ပြီး၊ နောက်တစ်နေ့စစ်ပွဲ၏ ရလဒ်အကြောင်းကို မေးခဲ့သည်။ “ရှမွေလကိုဖော်ပါ” ဟုတောင်းဆိုခဲ့သည်။ နတ်ကို မေးမြန်းချိန်အတွင်း နတ်ဝင်သည် မြေကြီးထဲကဝိညာဉ်ထွက်လာသည်ကို မြင်သည်။ ထိုဝိညာဉ်က ဣသရေ လတို့သည် စစ်ရှုံးမည်သာမက၊ သူနှင့်သူ့သားတို့သည် အသတ်ခံရမည်ဟူ၍ ခိုကိုးရာမဲ့နေသော ရှောလုမင်းကို သတင်းပေးခဲ့သည် (၁ရာ ၂၈)။
ကြိုတင်ဟောကိန်းသည် အမှန်ဖြစ်လာခဲ့သည်။ ကြိုတင်ဟောကိန်းထုတ်သောသူသည် အမှန်ပင် ရှမွေလ၏ ဝိညာဉ်ဟုတ်ပါသလား။ ဘုရားသခင်ရှုတ်ချခဲ့သောနတ်ဝင်သည်သည် ဘုရားသခင်ပုရောဖက် ရှမွေလ၏ ဝိညာဉ်အပေါ် အဘယ်သို့ဩဇာရှိနိုင်သနည်း။ ရှမွေလသည် မည်သည့်အရပ်ကထွက်လာသနည်း။ အဘယ်ကြောင့် သူ့ဝိညာဉ်သည်မြေကြီးထဲကထွက်လာသနည်း။ သေခြင်းသည် ရှမွေလအပေါ် မည်သည့် အရာကိုဖြစ်စေခဲ့သနည်း။ ရှောလုမင်းအား စကားပြောခဲ့သောသူသည် ရှမွေလ၏ ဝိညာဉ်မဟုတ်ခဲ့သော်၊ မည်သည့်အရာဖြစ်မည်နည်း။ သေခြင်း၊ သေသောသူတို့နှင့် ဆက်သွယ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အကြောင်း သမ္မာကျမ်းစာ၏ သွန်သင်ချက်များကို လေ့လာကြပါစို့။
အခန်း (၂၇) အနှစ်တစ်ထောင်စိုးစံခြင်းနှင့်အပြစ်၏နိဂုံး
အနှစ်တစ်ထောင်ကာလသည် ခရစ်တော်နှင့် သူ၏သန့်ရှင်းသူများ ကောင်းကင်တွင် ပထမနှင့်ဒုတိယ ထမြောက်ခြင်းစပ်ကြား အနှစ်တစ်ထောင်စိုးစံမှုကာလဖြစ်သည်။ ဤကာလအတွင်း သေလွန်သောဆိုးသွမ်း သူတို့သည် တရားစီရင်ခြင်းခံရကြလိမ့်မည်။ ကမ္ဘာမြေသည် အသက်ရှင်သောလူသူကင်းမဲ့၍ လုံးဝပျက်စီး ခြောက်ကပ်နေမည်ဖြစ်သော်လည်း၊ စာတန်နှင့် သူ၏တမန်များက သိမ်းပိုက်နေလိမ့်မည်။ ယင်းကာလအဆုံး တွင်ခရစ်တော်သည် သူ၏သန့်ရှင်းသူများ၊ သန့်ရှင်းသောမြို့တော်နှင့်တကွ ကောင်းကင်မှ မြေကြီးပေါ်သို့ဆင်း သက်လာလိမ့်မည်။ ထိုအခါ မဖြောင့်မတ်သော သေလွန်သူတို့သည် ထမြောက်လာပြီး၊ စာတန်နှင့်သူ၏ တမန်များနှင့်အတူ မြို့တော်ကိုဝန်းရံကြလိမ့်မည်။ သို့သော် ဘုရားသခင်ထံမှ မီးသည် သူတို့ကိုလောင်ကျွမ်း ပြီး၊ ကမ္ဘာမြေကြီးကို သန့်စင်စေလိမ့်မည်။ ဤနည်းအားဖြင့် စကြဝဠာသည် အပြစ်နှင့် အပြစ်သားတို့မှ ထာဝစဉ် လွတ်ကင်းလိမ့်မည်။ (ယေရမိ ၄း၂၃-၂၆။ ယေဇ ၂၈း၁၈-၁၉။ မာလ ၄း၁။ ၁ကော ၆း၂-၃။ ဗျာ ၂၀။ ၂၁း၁-၅)။
သမိုင်းတစ်လျှောက် ငရဲ၏ ထိတ်လန့်ဖွယ်အကြောင်းကို အာဝဇ္ဇန်းကောင်းကောင်းဖြင့် ဟောပြောပြီး၊ လူတို့သည် ဘုရားသခင်ကို အကြောက်တရားဖြင့် ကိုးကွယ်စေရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် သူတို့သည် မည်ကဲ့သို့သောဘုရားကို ပုံဖော်နေကြသနည်း။
ဘုရားသခင်သည် အဆုံးတွင် အပြစ်ကိုမည်ကဲ့သို့ရှင်းထုတ်မည်နည်း။ စာတန်သည် မည်သို့ဖြစ် မည်နည်း။ အပြစ်တရားသည် နောက်တစ်ဖန် မပေါ်လာအောင် မည်သည့်အရာက ထိန်းထားမည်နည်း။ တရားမျှတသောဘုရားသည် မည်ကဲ့သို့ချစ်တတ်သောဘုရားဖြစ်နိုင်မည်နည်း။ အနှစ်တစ်ထောင်ကာလနှင့် အပြစ်၏နိဂုံးကို အထူးသဖြင့် ဗျာဒိတ်ကျမ်းတွင် လေ့လာရသကဲ့သို့ ယုံကြည်စိတ်ချရသောအဖြေကိုပေး သည်။
အခန်း (၂၈) မြေကြီးသစ်
ဖြောင့်မတ်သူများနေထိုင်ကြမည့်မြေကြီးသစ်တွင် ဘုရားသခင်သည် ရွေးနုတ်ခံသူတို့အတွက် ထာဝရအိမ်တော်နှင့် ကိုယ်တော်ရှေ့တွင် ထာဝရအသက်၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ လေ့လာဆည်းပူးခြင်း တို့အတွက် ပြည့်စုံသောပတ်ဝန်းကျင်ကို ပြင်ဆင်လိမ့်မည်။ ဤနေရာတွင် ဘုရားသခင်ကိုယ်တိုင် မိမိလူတို့ နှင့်အတူ စိုးစံမည်ဖြစ်သောကြောင့်၊ ဆင်းရဲဒုက္ခနှင့် သေခြင်းတို့သည် ကွယ်ပျောက်သွားလိမ့်မည်။ မဟာအငြင်းပွားမှုကြီးသည် ဆုံးခန်းတိုင်၍၊ အပြစ်လည်းရှိတော့မည်မဟုတ်ချေ။ သက်ရှိသက်မဲ့အရာ ခပ်သိမ်းတို့က ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်းကို ထုတ်ဖော်ကြေညာကြလိမ့်မည်။ ထို့နောက် ကိုယ်တော်သည် အစဉ်အမြဲစိုးစံလိမ့်မည်။ အာမင်၊ (ဟေရှာ ၃၅။ ၆၅း၁၇-၂၅။ မဿဲ ၅း၅။ ၂ပေ ၃း၁၃။ ဗျာ ၁၁း၁၅။ ၂၁း၁-၇။ ၂၂း၁-၅။)
သေခြင်းမှ ပွက်ကာသီကာလွတ်မြောက်ပြီးနောက် ယောကျ်ားလေးတစ်ယောက်ကာ၊ စိတ်သက်သာရာအနေအထားဖြင့် “ကျွန်တော့်အိမ်ကကောင်းကင်မှာရှိတယ်၊ ဒါပေမဲ့ကျွန်တော်အိမ်မလွမ်း ဘူး” ဟုဆိုခဲ့သည်။ သူ့လိုပင် များစွာသောသူတို့သည် သေချိန်ရောက်လာသောအခါ၊ ကောင်းကင်သည် အခြားရွေးစရာနေရာများထက် ပိုမိုနှစ်သက်ဖွယ်ဖြစ်သည်ဟု ခံစားကြသည်။ သို့သော် ယခုအချိန် ဤနေရာတွင်မူ ဒုတိယနေရာတွင်သာ ရှိသည်။ များစွာသောသူတို့၏ အနာဂတ်ကာလအကြောင်း အမြင်များ သည် မှန်ကန်ခဲ့လျှင်၊ ဤခံစားချက်ကိုနားလည်ပေးနိုင်သည်။ သို့သော် ရွေးနုတ်ခံသူတို့အတွက် ဘုရားသခင်ပြင်ဆင်ပေးနေသောအရာကို သမ္မာကျမ်းစာ၏ အရိပ်အမြွက်ဖော်ပြချက်သည် ယခုလူတချို့က မစွန့်လွှတ်ချင်သော ကျွန်ုပ်တို့နေထိုင်သည့် လက်ရှိအသက်တာထက် ထူးကဲသာလွန်သည်။